သက်တံ့
၁၉. ၅. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်သမ္မတနှင့် အစိုးရအဖွဲ့ရုံးစိုက်ရာ အိမ်ဖြူတော်တောင်ဘက်မြက်ခင်းပြင်တွင် ပထမဆုံးအကြိမ် ကျင်းပမည့် သမိုင်းဝင် UFC Freedom 250 ပွဲကြီးနှင့်အတူ ပူးတွဲပြုလုပ်မည့် Fan Fest ပွဲတော်သို့ UFC Flyweight တန်း ကမ္ဘာ့ချန်ပီယံ ဂျော်ရှဝါဗန် (Joshua Van) က အထူးဖိတ်ကြားခံရသည့် VIP ဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးကြေညာစာတမ်း ကြေညာခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အထူးပွဲ UFC Freedom 250 Fan Fest ပွဲတော်ကြီးကို လာမည့် ဇွန်လ ၁၃ ရက်မှ ၁၄ ရက်အထိ ဝါရှင်တန်ဒီစီရှိ The Ellipse ကွင်းပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ပြီးခဲ့သည့် UFC 328 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ တတ်ဆူရို တိုင်ရာ (Tatsuro Taira) ကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သည့် ချန်ပီယံနှစ်ဆုရှင် မြန်မာဖိုက်တာ ဗန်သည် အဆိုပါ ပွဲတော်အတွင်း သီးသန့် Booth များ၌ ပရိသတ်များနှင့် အနီးကပ်တွေ့ဆုံကာ အမှတ်တရလက်မှတ် ရေးထိုးပေးခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်း (Meet & Greet) များကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ဗန်နှင့်အတူ ပရိသတ်တွေ့ဆုံပွဲသို့ တက်ရောက်မည့် အခြားသော UFC ထိပ်သီးချန်ပီယံများနှင့် ချန်ပီယံဟောင်းများတွင် ကားလို့စ် အာလ်ဘတ်ဂ် (Carlos Ulberg)၊ မက္ကင်ဇီ ဒါန်း (Mackenzie Dern)၊ ချားလ်စ် အိုလီဗီယာရာ (Charles Oliveira)၊ ဒပ်စတင် ပေါ်ယီရာ (Dustin Poirier) နှင့် ဟင်နရီ ဆီဟူဒို (Henry Cejudo) တို့ကဲ့သို့ ကမ္ဘာကျော် ဖိုက်တာကြီးများစွာလည်း ပါဝင်မည်ဖြစ်ကြောင်း UFC ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ဗန် ပါဝင်မည့် အားကစားသမားများနှင့် ပရိသတ်တွေ့ဆုံပွဲ (Athlete Meet & Greet) အစီအစဉ်ကို ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက် နေ့စဉ် အမေရိကန်စံတော်ချိန် (EST) ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ တစ်ကြိမ်၊ ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ တစ်ကြိမ် ခွဲခြားကျင်းပမည်ဖြစ်ရာ မြန်မာစံတော်ချိန် (MMT) အားဖြင့် နောက်တစ်နေ့ နံနက် ၂:၃၀ နာရီမှ ၄:၀၀ နာရီအထိ တစ်ကြိမ်၊ နံနက် ၄:၃၀ နာရီမှ ၆:၀၀ နာရီအထိ တစ်ကြိမ်အား မြန်မာပရိသတ်များ စောင့်မျှော်ကြည့်ရှုနိုင်မည်ဖြစ်ပြီး အိမ်ဖြူတော်အတွင်း ယှဉ်ပြိုင်မည့် အီလီယာ တိုပူရီယာနှင့် ဂျက်စတင် ဂေဂျီတို့၏ ကမ္ဘာ့ချန်ပီယံလုပွဲ အပါအဝင် အဓိကတွဲဆိုင်းကြီးများထိုးသတ်မည့် UFC Freedom 250 ထိုးသတ်ပွဲကြီးကိုမူ မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် (တနင်္လာနေ့) နံနက် ၆ နာရီခွဲ အချိန်ခန့်မှ စတင် ကြည့်ရှု့နိုင်မည်ဖြစ်သည်။ ထို့အတူ Fan Fest တွင် အခမဲ့ဝင်ရောက်ခွင့်ရရှိသူများမှာလည်း အဆိုပါပွဲကြီးကို The Ellipse ကွင်းပြင်ရှိ စခရင်ကြီးများမှတစ်ဆင့် အခမဲ့ တိုက်ရိုက်ပြသပေးမည့် Watch Party အစီအစဉ်တွင် ပျော်ရွှင်စွာ ပါဝင်ကြည့်ရှုနိုင်မည်ဖြစ်သည်။
အဆိုပါ ဗန်နှင့် တွေ့ဆုံနိုင်မည့် Fan Fest ပွဲတော်ကြီးသို့ အများပြည်သူများ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်သော်လည်း ဝင်ခွင့်လက်မှတ်များကို ကံစမ်းမဲစနစ် (Lottery System) ဖြင့်သာ ခွဲဝေပေးမည်ဖြစ်သည်။ လက်မှတ်တောင်းခံလိုသူများသည် လာမည့် မေလ ၂၂ ရက် (သောကြာနေ့) ညသန်းခေါင်အချိန် မတိုင်မီ UFC ၏ တရားဝင်ဝဘ်ဆိုက်ဖြစ်သော www.ufc.com တွင် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
Ref : UFC




