၁၉.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က စစ်ပွဲပြီးဆုံးရေးနှင့်ပတ်သက်၍ အလေးအနက်ထား ဆွေးနွေးမှုများ ပြုလုပ်နေချိန်ဖြစ်သောကြောင့် မေလ ၁၉ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားသည့် အီရန်အပေါ် တိုက်ခိုက်မှုများကို ဖျက်သိမ်းလိုက်သည်ဟု မေလ ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။ သို့သော် ၎င်း၏ ပြောကြားချက်တွင် သတိပေးချက်တစ်ခုလည်း ပါရှိကြောင်း သိရသည်။
ထရမ့်ပ်က အီရန်နှင့်သဘောတူညီချက်တစ်ခုရရှိရေး အလေးအနက်ထားဆွေးနွေးမည်ဖြစ်၍ အီရန်ကို တိုက်ခိုက်မည့်အစီအစဉ်ကို ဖျက်သိမ်းထားခြင်းဖြစ်ကြောင်း၊ သို့သော် ၎င်းအနေနှင့် လိုအပ်ပါက ကြီးမားသောထိုးစစ်ကြီးတစ်ခုကို အပြည့်အဝပြုလုပ်သွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံက ငြိမ်းချမ်းရေးအတွက် အမေရိကန်အစိုးရထံ အီရန်၏အဆိုပြုချက်များတွင် အောက်ပါအချက်များကို တောင်းဆိုထားသည်ဟုလည်း အီရန်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက ပြောဆိုခဲ့သည်ဟု အီရန်သတင်းဌာန IRNA ကပြောကြားခဲ့သည်။
အီရန်အစိုးရ၏တောင်းဆိုချက်များတွင်…..
◾ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများအား ဖြေလျှော့ပေးရန်၊
◾ အမေရိကန်ကထိန်းသိမ်းထားသော အီရန်ပိုင်ရန်ပုံငွေများကို လွှဲပြောင်းပေးရန်၊
◾ အီရန်နိုင်ငံအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှုကို ရပ်တန့်ရန်၊
◾ စစ်ပွဲကို လက်ဘနွန်နိုင်ငံအပါအဝင် စစ်မျက်နှာတိုင်း၌ရပ်တန့်ရန်၊
◾ အီရန်နိုင်ငံနှင့် နီးကပ်သောနယ်မြေများမှ အမေရိကန်တပ်ဖွဲ့များဖယ်ရှားရန်နှင့်
◾ စစ်ကြောင့်ပျက်စီးရမှုများအတွက် လျော်ကြေးပေးရန်တို့ ပါဝင်သည်ဟု ကာဇမ် ဂါရီဘာဘာဒီက ပြောခဲ့သည်။
အီရန်အစိုးရ၏အဆိုပြုချက်များတွင် အမေရိကန်ဘက်ကတောင်းဆိုထားသော အဓိကအချက်တစ်ရပ် ဖြစ်သည့် အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ လုံးဝရည်ညွှန်းပါဝင်မှုမရှိကြောင်း တွေ့ရသည်။
သမ္မတ ထရမ့်ပ်ကမူ အီရန်အနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးကြိုးပမ်းမှုမပြုပါက ၎င်းအနေဖြင့် များစွာကျေနပ်မည်ဟု ပြောဆိုထားသည်။
Ref- Sky News
