◾️ ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးသွားတစ်ဦးလျှင် Landing fee ဘတ် ၃၀၀ ကောက်ခံရန်လည်း ဆောင်ရွက်နေ
သက်တံ့
၁၉. ၅. ၂၀၂၆
ထိုင်းနိုင်ငံက နိုင်ငံပေါင်း ၉၀ ကျော်အတွက် ခွင့်ပြုထားသည့် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ဖျက်သိမ်းရန် အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဆူရာဆက် ဖန်ချာရွန်ဝိုရာကူးလ် (Surasak Phancharoenworakul) က အင်္ဂါနေ့ (မေလ ၁၉ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ ဖျက်သိမ်းမှုသည် ဗီဇာဆိုင်ရာ သဘောတူညီချက်တစ်ခုထက်မကရှိသော နိုင်ငံများနှင့်လည်း သက်ဆိုင်မည်ဖြစ်ပြီး ယခင်စံနှုန်းများကိုသာ ပြန်လည်ကျင့်သုံးသွားမည် ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် ယခုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးသို့ အကြောင်းကြားသွားမည် ဖြစ်သည်။

ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် ဖျက်သိမ်းခံရသည့် နိုင်ငံအားလုံးသည် ယခင်ဗီဇာအမျိုးအစားများအတိုင်း ပြန်လည်ဖြစ်သွားမည်ဖြစ်ပြီး အများစုမှာ ရက်ပေါင်း ၃၀ ဝန်းကျင် နေထိုင်ခွင့် သို့မဟုတ် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်များ ဖြစ်ကြသည်။
ဗီဇာစနစ် ပြန်လည်ပြင်ဆင်မည့် စံနှုန်းများနှင့် ပတ်သက်၍ ဗီဇာမူဝါဒကော်မတီသည် ကဏ္ဍစုံမှ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး မည်သည့်ဗီဇာအမျိုးအစားက သင့်လျော်မည်ကို နိုင်ငံအလိုက် ပြန်လည်သုံးသပ် ဆုံးဖြတ်သွားမည်ဖြစ်သည်။
ထို့ပြင် နောက်ပိုင်းတွင် တင်ပြမည့် ပြင်ဆင်ထားသော စံနှုန်းများနှင့် စည်းကမ်းသတ်မှတ်ချက်များကို နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် အသေးစိတ်သုံးသပ်ရန် ဗီဇာမူဝါဒကော်မတီသို့ တာဝန်ပေးအပ်သွားမည် ဖြစ်သည်။ ယင်းသို့ သုံးသပ်ရာတွင် လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍ နှစ်ရပ်လုံးကို မျှတမှုရှိစေရန် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက်တစ်ခုတည်းကိုပဲ အဓိကထားမှာ မဟုတ်ပါဘူး။ ဝင်ရောက်ရလွယ်ကူပြီး အရေအတွက်များဖို့ထက် အရည်အသွေးမီတဲ့ ခရီးသွားတွေ ဖြစ်ဖို့ကိုပဲ အလေးပေးရမှာပါ။ ဗီဇာထုတ်ပေးတဲ့နေရာမှာ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ဖို့နဲ့ ခရီးသွားလုပ်ငန်းစနစ်တစ်ခုလုံး တိုးတက်စေဖို့အတွက် သေချာဂရုစိုက် စဉ်းစားဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်” ဟု မစ္စတာ ဆူရာဆက်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အတွင်း သတင်းအချက်အလက်များအရ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရန် ယခင်က မိတ်ဆက်ခဲ့သည့် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်သည် နိုင်ငံခြားသားအချို့အတွက် ခရီးသွားအယောင်ဆောင်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် တရားမဝင်သော နာမည်ခံစီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်း၊ လုပ်ငန်းလိုင်စင်မရှိဘဲ အလုပ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ကျူးလွန်ရန် ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုလာကြသည်ဟူသော လုံခြုံရေးခြိမ်းခြောက်မှုများနှင့် မီးခိုးရောင်စီးပွားရေး (Grey-capital) ဂိုဏ်းများကို ပိတ်ဆို့ရန် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။
ထို့အတူ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားအများစုသည် ပျမ်းမျှအားဖြင့် ၉ ရက်ခန့်သာ နေထိုင်ကြကြောင်း ပြသနေသည်။ ထို့ကြောင့် နေထိုင်ခွင့်ကို ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်သို့ လျှော့ချလိုက်ခြင်းက အဓိကခရီးသွားဈေးကွက်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိလိမ့်မည်ဟု ယူဆခြင်းကြောင့်လည်း ဖြစ်သည်။

ဗီဇာမူဝါဒကော်မတီ၏ စိစစ်မှုအသစ်အရ လက်ရှိသံတမန်ရေးရာ အခြေအနေများနှင့်အညီ နိုင်ငံများကို အုပ်စုပြန်ခွဲနိုင်ဖွယ်ရှိပြီး အချို့နိုင်ငံများသည် ရေတိုခရီးသွားလုပ်ငန်းနှင့် ပိုမိုကိုက်ညီစေရန်အတွက် ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို ၁၅ ရက်အထိ လျှော့ချခံရနိုင်ခြေ ရှိသည်။
ထို့အပြင် ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနသည် လေကြောင်းလိုင်းများမှတစ်ဆင့် ဝင်ရောက်လာမည့် နိုင်ငံခြားသားခရီးသွားများထံမှ “Landing fee” ဟု လူသိများသည့် ဝင်ကြေးကို တစ်ဦးလျှင် ဘတ် ၃၀၀ နှုန်းဖြင့် ကောက်ခံမည့် အစီအစဉ်ကိုလည်း ပြိုင်တူတွန်းအားပေး ဆောင်ရွက်ရန် ပြင်ဆင်နေသည်။ ယင်းမှရရှိသည့် ရေပုံငွေများကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရန်ပုံငွေအတွင်းသို့ ထည့်သွင်းသွားမည်ဖြစ်ပြီး စိစစ်ရေးစနစ် ပိုမိုထိရောက်စေရန် အသုံးပြုသွားမည်ဖြစ်သည်။
Ref : Nation Thailand
