၁၉.၅.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်နန်းရပ်ကွက်တွင် ယနေ့ (မေလ ၁၉ရက်) နံနက် ၈ နာရီဝန်းကျင်ခန့်က နံရံကပ်ပန်ကာ အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလျား ၂၇ ပေ၊ အနံ ၂၇ ပေရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဥ်ခင်းနှစ်ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦး မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အပေါ်ထပ်လည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မီးလောင်နေတဲ့ အိမ်အပေါ်ထပ်မှာ အရေးကြီးတဲ့စာရွက်စာတမ်းတက်ယူတဲ့ ကောင်လေး အပေါ်ထပ်က ပြုတ်ကျတာ။ မီးလည်းနည်းနည်းထိတယ်။ အိမ်က အပေါ်ထပ်ကတော့ ဘာမှမရတော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် ငါးစီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုမာမြင့်ကို မြစ်ကြီးနားနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။






