သက်တံ့
၁၈. ၅. ၂၀၂၆
တရုတ်နိုင်ငံသည် ယခု ၂၀၂၆ ခုနှစ်အပြင် လာမည့် ၂၀၂၇ နှင့် ၂၀၂၈ ခုနှစ်များတွင်ပါ အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များကို တစ်နှစ်လျှင် အနည်းဆုံး ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန် ကတိကဝတ်ပြုထားကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့ (မေ ၁၇ ရက်) တွင် ထုတ်ပြန်သည့် အချက်အလက်စာစောင် (Fact sheet) တွင် ဖော်ပြထားသည်။
အဆိုပါ ကတိကဝတ်ကို ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။
ယခုဖော်ပြထားသည့် ဒေါ်လာ ၁၇ ဘီလျံဟူသော ပမာဏတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံဘက်က ဝယ်ယူရန် ကတိပြုထားသည့် ပဲပုတ်ဝယ်ယူမှု ကတိကဝတ်များ မပါဝင်သေးကြောင်း အိမ်ဖြူတော်က ဖြည့်စွက်ပြောကြားသည်။
အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ပြီးခဲ့သည့်နှစ်က နှစ်ဖက်အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံခဲ့မှုများကြောင့် ကုန်သွယ်ရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီးနောက် အမေရိကန်၏ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုမှာ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ တရုတ်သို့ တင်ပို့မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၆၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ဒေါ်လာ ၈ ဒသမ ၄ ဘီလျံသာ ရှိခဲ့သည်။
တရုတ်နိုင်ငံသည် သမ္မတထရမ့်ပ်၏ ပထမသက်တမ်းကတည်းက အမေရိကန် လယ်ယာထွက်ကုန်များအပေါ် မှီခိုနေရမှုကို သိသိသာသာ လျှော့ချခဲ့သည်။ သမ္မတထရမ့်ပ် ရာထူးမရမီ ရှေ့တစ်နှစ်ဖြစ်သော ၂၀၂၄ ခုနှစ်တွင် တရုတ်သည် ၎င်းတို့လိုအပ်သည့် ပဲပုတ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ အမေရိကန်မှ တင်သွင်းခဲ့ပြီး ၎င်းပမာဏသည် ၂၀၁၆ ခုနှစ်က ၄၁ ရာခိုင်နှုန်းအထိ တင်သွင်းခဲ့ရာမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန် အမဲသားထုတ်လုပ်သည့် စက်ရုံများအပေါ် တင်သွင်းမှု ဆိုင်းငံ့ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန်နှင့် ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်ကြောင်း သတ်မှတ်ထားသည့် အမေရိကန်ပြည်နယ်များမှ ကြက်၊ ဘဲ၊ ငှက် တင်သွင်းမှုများကို ပြန်လည်စတင်ရန်အတွက် အမေရိကန် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အိမ်ဖြူတော်က ပြောကြားသည်။
တရုတ်အစိုးရ၏ ယခင်ထုတ်ပြန်ချက်များကို အတည်ပြုသည့်အနေဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုသည် “တရုတ်-အမေရိကန် ကုန်သွယ်ရေးဘုတ်အဖွဲ့” နှင့် “တရုတ်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့” တို့ကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ထပ်မံပြောကြားခဲ့သည်။
အဆိုပါ ဘုတ်အဖွဲ့များသည် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးသွားမည်ဖြစ်ပြီး “နှစ်ဦးနှစ်ဖက် အပြန်အလှန် အခွန်လျှော့ချရေး မူဘောင်” အောက်တွင် ကုန်သွယ်ရေးကို တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။
Ref : Reuters
