MT News
၁၈. ၅. ၂၀၂၆
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကျောက်သဲကျင်းပြိုကျရာမှ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ယမန်နေ့ မေ ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ အချိန်ခန့်က ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်းပြိုကျမှုဖြစ်ပွားပြီး ကျောက်သဲတူးနေသူ အမျိုးသား (၃)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နှစ်ဦးကို သေဆုံးလျက်သား တွေ့ရှိရသော်လည်း တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ကျောက်သဲကျင်း ပိမိသေဆုံးသည့် အမျိုးသား (၂) ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပိုင်ယာဉ်ဖြင့် မြိုင်ကျေးရွာတိုက်နယ်ဆေးရုံနှင့် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) သည့် အမျိုးသားတစ်ဦးအား ယကြီးဘုန်းကြီး ကျောင်းပိုင်ယာဉ်ဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

