သက်တံ့
၁၈. ၅. ၂၀၂၆
ထိုင်းနိုင်ငံမြောက်ပိုင်း ကန်ဖန်ဖက်ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွင်း ကျောင်းထိုင်ဆရာတော်တစ်ပါးကို အမည်မသိ သေနတ်သမားများက ၎င်းသီတင်းသုံးရာ ကျောင်းဆောင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ ၁၆ ချက်ခန့် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုသည် ကန်ဖန်ဖက်ခရိုင်၊ မူအန်း (Muang) မြို့နယ်၊ အန်ထောင် (Ang Thong) တိုက်နယ်ရှိ ဝပ်ကရာဂျွန်ထောင် (Wat Krajom Thong) ဘုန်းတော်ကြီးကျောင်းတွင် မေ ၁၇ ရက် ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက်ဘေးမှ သီသီလေးလွတ်မြောက်လာပြီး ဆေးရုံကုတင်ပေါ်တွင် ဆေးကုသမှုခံယူနေရသည့် ကျောင်းထိုင်ဆရာတော် ဖရာ့အသီကန်ဘွန်လတ် (Phra Athikan Boonlert Akapunyo) ၏ မိန့်ကြားချက်အရ ဆရာတော်သည် ကျောင်းဆောင်အတွင်း ပုံမှန်ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်နေစဉ် အမည်မသိတရားခံတစ်ဦးက နောက်ဖေးတံခါးမှတစ်ဆင့် ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်က ၎င်းအား ပစ်ခတ်သွားသည့် သေနတ်သမားမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အကြောင်းပြချက်ကြောင့် ပစ်ခတ်ရသည်ကိုလည်းကောင်း မသိရှိကြောင်းနှင့် အသုံးပြုသွားသည့်လက်နက်မှာ ဒေသလုပ်သေနတ် (တူမီး သို့မဟုတ် လက်လုပ်ပြောင်းချောသေနတ်) ဖြစ်နိုင်ကြောင်း မိန့်ကြားသည်။
သေနတ်ဖြင့် အပစ်ခံရပြီးနောက် ဆရာတော်သည် ကျောင်းဆောင်အပြင်ဘက်သို့ အားတင်းလမ်းလျှောက်ထွက်ကာ အကူအညီတောင်းခံခဲ့သဖြင့် အတူသီတင်းသုံးသည့် သံဃာတော်များနှင့် ရွာသူရွာသားများက ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသည်။
ဆရာတော်၏ ညာဘက်နားရွက်အနီး၊ ပခုံးရိုး၊ ပခုံးနှင့် ညာဘက်တင်ပါး အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင် သေနတ်ကျည်ဆန်ထိမှန်သည့် ဒဏ်ရာစုစုပေါင်း ၁၆ ချက်ကို ဆရာဝန်များက စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိတွင် ဆေးဘက်ဆိုင်ရာအဖွဲ့က အနီးကပ်စောင့်ကြည့် ကုသပေးလျက် ရှိသည်။
မိမိအနေဖြင့် မည်သူနှင့်မျှ ရန်ငြိုးရန်စ သို့မဟုတ် ပြင်းထန်သော ပဋိပက္ခမျိုး မရှိခဲ့ဖူးကြောင်း၊ ရံဖန်ရံခါတွင် လူအချို့က ငွေကြေးအနည်းငယ် လာရောက်ချေးငှားလေ့ရှိသော်လည်း ပမာဏ အလွန်နည်းပါးသဖြင့် ယခုကဲ့သို့ အသက်အန္တရာယ်ပြုတိုက်ခိုက်ရသည့် အကြောင်းရင်း မဖြစ်နိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။ ယခုဖြစ်စဉ်ကြောင့် ဒေသခံရွာသူရွာသားများနှင့် သံဃာတော်များ အလွန်ထိတ်လန့်တုန်လှုပ်သွားကြပြီး ဆရာတော်သည် ရိုးရိုးသားသားနေထိုင်ကာ ရန်ငြိုးရန်စမရှိဘဲ လူထုအလေးအမြတ်ထားရသည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း လျှောက်ထားကြသည်။
မူအန်းကန်ဖန်ဖက် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများ၏ မှတ်တမ်းအရ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ကျောင်းဆောင်အဝင်ဝ၌ ဆရာတော်မွေးမြူထားသည့် Pit bull ခွေးသည် ဟောင်ခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ ထို့ပြင် ကျောင်းဆောင်အတွင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာများမှာလည်း ပျက်စီးနေကြောင်း ရဲတပ်ဖွဲ့က စိစစ်တွေ့ရှိခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းခြင်း၊ မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းခြင်းနှင့် တရားခံများကို ရှာဖွေနိုင်ရန် အနီးနားရှိ လုံခြုံရေးကင်မရာမှတ်တမ်းများကို ပြန်လည်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။
နောက်ဆုံးရရှိသည့် သတင်းအခြေအနေအရ စုံစမ်းစစ်ဆေးရေးအရာရှိများသည် သံသယဖြစ်ဖွယ် သဲလွန်စများကို ရှာဖွေရန် ဝပ်ကရာဂျွန်ထောင်ကျောင်းရှိ သံဃာတော်များအားလုံးကို ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိပြီး တရားခံသည် မပစ်ခတ်မီ ကျောင်းဝင်းအတွင်း ကြိုတင်ကင်းထောက်ခြင်း ရှိ၊ မရှိ နှင့် ကျောင်းတွင်းပဋိပက္ခ သို့မဟုတ် အခြားမကျေနပ်ချက်များ ရှိ၊ မရှိကို အသေးစိတ် စုံစမ်းနေသည်။
မေ ၁၈ ရက် ယနေ့တွင် အဆိုပါဘုန်းတော်ကြီးကျောင်းမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဆရာတော်၏ ကျောင်းဆောင်ကို ရဲတပ်ဖွဲ့က သတင်းအချက်အလက်ရယူရန် တားမြစ်ကြိုးများဖြင့် ပိတ်ဆို့ထားကာ သံဃာတော်များနှင့် အလှူရှင်များ လာရောက်ကြည့်ရှုလျက်ရှိကြသည်။
ကျောင်းဝေယျာဝစ္စဆောင်ရွက်သူ အသက် ၆၀ အရွယ် ချလို (Chalo) ခေါ် အော့ဒ် (Odd) က ယခုဖြစ်စဉ်ကြောင့် အလွန်အံ့ဩထိတ်လန့်မိကြောင်းနှင့် ဆရာတော်သည် သံဃာတော်များနှင့် ရွာသူရွာသားများအပေါ် အလွန်ကြင်နာတတ်သူဖြစ်ကြောင်း၊ လူအချို့ ငွေလာချေးတတ်ကြသော်လည်း ဆရာတော်သည် သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိကြောင်း ပြောသည်။
ထို့ပြင် ကျောင်းရှိ CCTV စနစ်သည် ယခင်က ပုံမှန်အလုပ်လုပ်သော်လည်း လက်ရှိတွင် မှတ်ဉာဏ် (Memory device) သက်တမ်းကုန်ဆုံးသွားသဖြင့် မှတ်တမ်းမဝင်တော့ခြင်းဖြစ်ကြောင်းနှင့် Pit bull ခွေးသည် ဆရာတော်နှင့် အနီးကပ်ရှိနေချိန်တွင် ငြိမ်သက်နေတတ်သော်လည်း ဆရာတော်နှင့် ခွဲခွာထားချိန်တွင်မူ ရန်လိုတတ်ပြီး ဟောင်လေ့ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : Khaosod English
