◾️ စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၆၇ ဘီလျံအထိ ထိခိုက်နစ်နာနိုင်သည့် သပိတ်မှောက်မှုကို ရပ်တန့်ရန် ဆိုးလ်အစိုးရက သုံးလေ့သုံးထမရှိသည့် အရေးပေါ်လုပ်ပိုင်ခွင့်ကို အသုံးပြုရန် စဉ်းစားနေ
သက်တံ့
၁၈. ၅. ၂၀၂၆
တောင်ကိုရီးယားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း သမိုင်းတစ်လျှောက် အကျိုးဆက်အကြီးမားဆုံး ဖြစ်လာနိုင်သည့် အလုပ်သမားအငြင်းပွားမှုတစ်ခု ဖြစ်ပွားရန် အချိန်နီးကပ်လာနေပြီး ဆိုးလ်အစိုးရအနေဖြင့်လည်း စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးလာနေပြီ ဖြစ်သည်။
ဆမ်ဆောင်း အီလက်ထရွန်နစ် (Samsung Electronics) မှ အလုပ်သမား ၅၀,၀၀၀ ခန့်သည် လာမည့်ကြာသပတေးနေ့ (မေ ၂၁ ရက်) တွင် ၁၈ ရက်ကြာ သပိတ်မှောက်ရန် ပြင်ဆင်နေကြရာ သမ္မတ လီဂျေးမြောင် (Lee Jae-myung) ၏ အစိုးရအဖွဲ့သည် မလွဲမသွေ ကိုင်တွယ်ရမည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ယခုသပိတ်ကြောင့် ခန့်မှန်းခြေ စီးပွားရေးပျက်စီးဆုံးရှုံးမှု ဝမ် ၁၀၀ ထရီလျံ (အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၇ ဘီလျံ) ခန့် ရှိလာနိုင်သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာ (Semiconductor) ထောက်ပံ့မှုကွင်းဆက်ကိုပါ ထိခိုက်ပြတ်တောက်သွားစေနိုင်သည်။
အစိုးရ၏ တုံ့ပြန်မှုမှာ လက်ရှိအချိန်အထိ ဖိအားပေးမှုကို အဆင့်ဆင့် မြှင့်တင်နေသည့် ပုံစံမျိုးဖြစ်သည်။ အလုပ်သမားဝန်ကြီး ကင်ယောင်ဟွန်း (Kim Young-hoon) သည် ပြီးခဲ့သည့်အပတ်က ပျက်ပြားသွားခဲ့သည့် အစိုးရကြားဝင်စေ့စပ်ရေး ဆွေးနွေးပွဲများကို ပြန်လည်အသက်သွင်းရန် နှစ်ဖက်စလုံးနှင့် အပြေးအလွှား တွေ့ဆုံညှိနှိုင်းနေရသည်။
ဝန်ကြီးချုပ် ကင်မင်းဆော့ (Kim Min-seok) ကလည်း အကယ်၍ ယခုသပိတ်မှောက်မှုသည် “အမျိုးသားစီးပွားရေးကို ကြီးမားစွာ ထိခိုက်ပျက်စီးစေမည့် အန္တရာယ်ရှိလာပါက အစိုးရအနေဖြင့် ဖြစ်နိုင်ခြေရှိသော တုံ့ပြန်ဆောင်ရွက်မှု အားလုံးကို စဉ်းစားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိ” ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။ ထိုလုပ်ဆောင်မှုများထဲတွင် “အရေးပေါ် စေ့စပ်ဖျန်ဖြေရေး (Emergency arbitration)” လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းလည်း ပါဝင်သည်။


တောင်ကိုရီးယား အလုပ်သမားဥပဒေအရ အစိုးရသည် အရေးပေါ်စေ့စပ်ဖျန်ဖြေရေးလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အလုပ်သမားများ၏ ဆန္ဒပြမှုကို ရက်ပေါင်း ၃၀ ချက်ချင်း ဆိုင်းငံ့ထားပိုင်ခွင့်ရှိကာ အမျိုးသားအလုပ်သမားဆက်ဆံရေးကော်မရှင် (NLRC) ထံတွင် မဖြစ်မနေ စေ့စပ်ညှိနှိုင်းရမည့် လုပ်ငန်းစဉ်ကို စတင်စေမည်ဖြစ်သည်။
အဆိုပါ လုပ်ပိုင်ခွင့်ကို အမျိုးသားစီးပွားရေးအတွက် “ထင်ရှားပြီး လက်ငင်းကျရောက်နေသည့် အန္တရာယ်” ရှိသော အခြေအနေမျိုးတွင်သာ အသုံးပြုရန် ဥပဒေဖြင့် ကန့်သတ်ထားပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုအပေါ် အသုံးပြုလေ့ လုံးဝမရှိသလောက် ရှားပါးသည်။
ယခုအချိန်တွင် ယင်းလုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းသည် နိုင်ငံရေးအရ ပေါက်ကွဲထွက်သွားနိုင်သည့် အခြေအနေမျိုး ဖြစ်စေနိုင်သည်။ သမ္မတ လီဂျေးမြောင်သည် အလုပ်သမားလိုလားသော အစိုးရအဖွဲ့ကို ဦးဆောင်နေသူဖြစ်ရာ နိုင်ငံ၏ သြဇာအကြီးဆုံး အလုပ်သမားသမဂ္ဂတစ်ခုကို ယခုကဲ့သို့ အရေးပေါ်ဖိအားပေးပါက ဇွန် ၃ ရက်တွင် ပြုလုပ်မည့် ဒေသန္တရရွေးကောက်ပွဲမတိုင်မီ သုံးပတ်အလိုတွင် ၎င်းတို့၏ အဓိကထောက်ခံသူ လူထုအခြေခံကို လက်လွှတ်ရမည့် အန္တရာယ်ရှိနေသည်။
တနင်္လာနေ့တွင် သမ္မတလီက လူမှုကွန်ရက်စာမျက်နှာပေါ်၌ “ကုမ္ပဏီများ၏ စီမံခန့်ခွဲခွင့်နှင့်အတူ အလုပ်သမားအခွင့်အရေးများကိုပါ လေးစားရမည်” ဟု မျှတစွာ ရေးသားခဲ့သော်လည်း “ပြည်သူ့အကျိုးစီးပွားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို ကန့်သတ်နိုင်သည်” ဟု သတိပေးချက်ကိုပါ ကပ်လျက် ထည့်သွင်းဖော်ပြခဲ့သည်။
◼️ ဆန္ဒပြမည့်အလုပ်သမားများ အကျပ်အတည်းအကြား ပိတ်မိနေ
အစိုးရ၏ သတိပေးချက်များက ပြတ်သားနေသကဲ့သို့ တရားရုံးများ၏ ဆုံးဖြတ်ချက်က ပို၍ပင် တိုက်ရိုက်ကျနေသည်။ ယနေ့ (မေ ၁၈ ရက်) တွင် တောင်ကိုရီးယား တရားရုံးတစ်ခုက ဆမ်ဆောင်းစီမံခန့်ခွဲသူများဘက်က လျှောက်ထားသည့် ကန့်သတ်မိန့် (Injunction) ကို ခွင့်ပြုပေးခဲ့ရာ သမဂ္ဂ၏ လှုပ်ရှားခွင့်များကို ပြင်းပြင်းထန်ထန် ကန့်သတ်လိုက်သလို ဖြစ်သွားသည်။ တရားရုံးက သပိတ်မှောက်နေစဉ်အတွင်း စက်ရုံပျက်စီးမှုနှင့် ထုတ်ကုန်များ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် လုပ်ငန်းခွင်အတွင်း လုပ်သားအင်အားကို ပုံမှန်အတိုင်း ထိန်းထားရမည်ဟု ဆုံးဖြတ်ခဲ့ပြီး သပိတ်မှောက်အလုပ်သမားများ အနေဖြင့် ကုမ္ပဏီအဆောက်အအုံများကို သိမ်းပိုက်ခြင်း သို့မဟုတ် ဝိုင်းရံဆန္ဒပြခြင်း (Picket စည်းတားခြင်း) မပြုလုပ်ရန် ပိတ်ပင်လိုက်သည်။


လိုက်လျောညီထွေဖြစ်အောင် ဖိအားပေးခံနေရသည့် အလုပ်သမားသမဂ္ဂအတွက်မူ ယခုတရားရုံးဆုံးဖြတ်ချက်သည် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်လာခဲ့သည်။တောင်ကိုရီးယားရှိ ဆိုဂန်း (Sogang) တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ဟာဂျောင် (Hur Jung) က “စီမံခန့်ခွဲသူတွေဘက်က အသာစီးရသွားတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်က အလုပ်သမားတွေကို ပိုပြီးတော့ အကျဉ်းအကျပ်ထဲမှာ ပိတ်မိသွားသလို ခံစားရစေပါတယ်” ဟု ပြောကြားသည်။ “ဒါကြောင့် ကုမ္ပဏီဘက်က အပေးအယူအသစ်တစ်ခုကို မတင်ပြဘူးဆိုရင် သမဂ္ဂက ပိုပြီး တင်းခံလာနိုင်ပြီး သတိပေးထားတဲ့ သပိတ်မှောက်မှုကို ဆက်လက်တွန်းအားပေး လုပ်ဆောင်သွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
လေ့လာဆန်းစစ်သူများ၏အဆိုအရ ယခုအကျပ်အတည်း၏ အဓိက ပဟေဠိမှာ အစိုးရနှင့် တရားရုံးများက သမဂ္ဂကို ဖိအားပေးပြီး ကန့်သတ်ရန် ကြိုးပမ်းလေလေ၊ ၎င်းတို့ တားဆီးချင်နေသည့် တင်းခံမှုမျိုးကို ပိုမိုလှုံ့ဆော်ပေးသလို ဖြစ်လာနိုင်သည့် အန္တရာယ်ကြီးမားလေလေ ဖြစ်သည်ဟု ဆိုသည်။
သမဂ္ဂခေါင်းဆောင် ချွိုင်ဆန်းဟို (Choi Seung-ho) ကလည်း ဖိအားများကို အရှုံးပေးမည်မဟုတ်ကြောင်း ကတိပြုထားပြီးအစိုးရက အရေးပေါ်စေ့စပ်ဖျန်ဖြေရေး ခြိမ်းခြောက်မှုကို စတင်ထုတ်ဖော်ပြောဆိုပြီး နောက်ပိုင်း ကုမ္ပဏီစီမံခန့်ခွဲသူများဘက်က သဘောထား ပိုမိုတင်းမာလာခဲ့ကြောင်း လူသိရှင်ကြား မကျေမနပ် ပြောဆိုခဲ့သည်။
◼️ အလုပ်သမားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ အပိုဆုကြေးရလိုမှု
ယခုအငြင်းပွားမှု၏ အဓိက အချက်အချာမှာ ဆမ်ဆောင်းအနေဖြင့် နှစ်စဉ်လည်ပတ်မှုအမြတ်ငွေ (Operating profits) ၏ ၁၅ ရာခိုင်နှုန်းကို အလုပ်သမားများ၏ အပိုဆုကြေး (Bonus) အဖြစ် ခွဲဝေပေးရန်၊ လက်ရှိ အခြေခံလစာ၏ ၅၀ ရာခိုင်နှုန်းထက် မကျော်ရဟု ကန့်သတ်ထားသည့် Bonus သတ်မှတ်ချက်ကို ပယ်ဖျက်ရန်နှင့် အဆိုပါ ကတိကဝတ်ကို ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသော သဘောတူညီချက်အဖြစ် ၁၀ နှစ်အထိ အာမခံချက်ပေးရန် တောင်းဆိုချက် ဖြစ်သည်။
ယခုနှစ်တွင် ဆမ်ဆောင်း၏ ခန့်မှန်းလည်ပတ်မှုအမြတ်ငွေ ဝမ် ၃၀၀ ထရီလျံအပေါ် အခြေခံ၍ တွက်ချက်ပါက ယခုတောင်းဆိုချက်သည် ဝမ် ၄၅ ထရီလျံခန့် ရှိလာမည်ဖြစ်ပြီး၊ ဆီမီးကွန်ဒတ်တာကဏ္ဍရှိ အလုပ်သမားတစ်ဦးလျှင် ဝမ် သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀) ခန့် ရရှိမည့် ပမာဏဖြစ်သည်။
အုပ်ချုပ်မှုပိုင်းကမူ ဆီမီးကွန်ဒတ်တာဌာနခွဲ၏ အမြတ်ငွေ ဝမ် ၂၀၀ ထရီလျံ ကျော်လွန်မှသာ လည်ပတ်မှုအမြတ်ငွေ၏ ၉-၁၀ ရာခိုင်နှုန်းအထိကို (၃) နှစ်သက်တမ်းအဖြစ် ပေးအပ်ရန် ပြန်လည်ကမ်းလှမ်းထားသည်။ ယင်းသည် စက်မှုလုပ်ငန်း၏ အတက်အကျ အပြောင်းအလဲမြန်သော သဘာဝနှင့် မရေရာသော ဈေးကွက်အတွင်း အကန့်အသတ်မရှိ ကတိကဝတ်များ မပြုလုပ်လိုသည့် ဆမ်ဆောင်း၏ တွန့်ဆုတ်မှုကို ထင်ဟပ်နေသည်။
သမဂ္ဂသည် ၎င်းတို့၏ အဓိက ပြိုင်ဘက်ကုမ္ပဏီဖြစ်သော SK Hynix က အလားတူ လည်ပတ်မှုအမြတ်ငွေ ၁၀ ရာခိုင်နှုန်း ဘောနပ်စ်ပေးရန် ၁၀ နှစ်သက်တမ်း ဥပဒေကြောင်းအရ သဘောတူညီထားမှုကို စံထား၍ တောင်းဆိုခြင်း ဖြစ်သည်။
ဆမ်ဆောင်းအလုပ်သမားများသည်လည်း ထိုအခွင့်အရေးမျိုးကို လိုလားနေကြသည်။ သို့သော် တောင်ကိုရီးယား၏ သြဇာအရှိဆုံး စီးပွားရေးလုပ်ငန်းစုကြီး ၆ ခုက တနင်္လာနေ့တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယခုနှိုင်းယှဉ်ချက်မှာ မှားယွင်းနေပြီး အလုပ်သမားများ၏ တောင်းဆိုမှုမှာ သဘာဝချင်း လုံးဝကွဲပြားနေကြောင်း တုံ့ပြန်ခဲ့သည်။
အမြတ်ငွေအပေါ် အခြေခံသည့် Bonus များကို ဥပဒေကြောင်းအရ လစာ (Wages) ဟု မသတ်မှတ်နိုင်ကြောင်း တရားလွှတ်တော်ချုပ်၏ စီရင်ထုံးကို ကိုးကား၍ အဆိုပါ စီးပွားရေးအဖွဲ့အစည်းများက သမဂ္ဂသည် ကုမ္ပဏီ၏ အမြတ်ခွဲဝေမှုကို တောင်းခံနေခြင်းဖြစ်ပြီး ယင်းသည် အလုပ်သမားသမဂ္ဂများ၏ စစုပေါင်းညှိနှိုင်းခွင့် (Collective bargaining) ဘောင်အပြင်ဘက်သို့ ရောက်ရှိနေသည်ဟု စျေးဆစ်ခဲ့ကြသည်။
အကယ်၍ ဆမ်ဆောင်းသမဂ္ဂသာ အောင်မြင်သွားပါက အခြားကုမ္ပဏီများဆီသို့ ကူးစက်သွားမည့်အရေးကို စီးပွားရေးလုပ်ငန်းစုများက စိုးရိမ်နေကြသည်။
“အချို့သော သမဂ္ဂများ၏ အလွန်အကျွံ ဘောနပ်စ်တောင်းဆိုမှုများသည် အလုပ်သမားဈေးကွက်အတွင်း အဆင့်မြင့်ကုမ္ပဏီကြီးများမှ လုပ်သားများနှင့် သာမန်လုပ်သားများအကြား ကွာဟချက်ကို (Dual labor market) ပိုမိုနက်ရှိုင်းစေပြီး လူမှုရေးတင်းမာမှုများကို မြင့်တက်စေလိမ့်မည်” ဟု ၎င်းတို့က သတိပေးခဲ့ပြီး၊ သပိတ်မှောက်မှုသာ ဆက်လုပ်ပါက အစိုးရအနေဖြင့် အရေးပေါ်စေ့စပ်ဖျန်ဖြေရေးကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ကျင့်သုံးရန် တောင်းဆိုခဲ့ကြသည်။
◼️ အာမခံချက်မရှိသည့် အရေးပေါ်စေ့စပ်ဖျန်ဖြေရေးလုပ်ပိုင်ခွင့်
အရေးပေါ်စေ့စပ်ဖျန်ဖြေရေးလုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းက ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်မည်လားဆိုသည်မှာ မရေရာလှဘဲ ထိုမရေရာမှုကပင် အစိုးရအတွက် အကြီးမားဆုံး ကန့်သတ်ချက်ဖြစ်လာနိုင်ကြောင်း လေလာသူများက ဆိုသည်။
“ဥပဒေအရ သတ်မှတ်ထားတဲ့ ရက် ၃၀ စေ့စပ်ညှိနှိုင်းရေး ကာလပြီးသွားရင်တောင် ဒီပြဿနာ ပြေလည်သွားမယ်လို့ ဘာအာမခံချက်မှ မရှိပါဘူး” ဟု ဆိုးလ်တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ဆွန်ဟွန်းဂျေး (Song Heon-jae) က ပြောကြားခဲ့သည်။ ထို့ပြင် သမဂ္ဂကိုယ်စားလှယ်များဘက်ကလည်း အပေးအယူတစ်ခုအနေဖြင့် ၁၀ နှစ် အာမခံချက်တောင်းဆိုမှုကို ၅ နှစ်အထိ လျှော့ချပေးရန် သီးသန့်အရိပ်အမြွက် ပြသထားမှုများ ရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
သို့သော်လည်း အချို့သော ဆန်းစစ်သူများကမူ ယခုစေ့စပ်ဖျန်ဖြေရေးကို ပြဿနာဖြေရှင်းနည်းတစ်ခုထက် ပိုမိုခိုင်မာသော သဘောတူညီချက်တစ်ခု မရရှိမီ အချိန်ဆွဲရန်နှင့် အရှိန်လျှော့ရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြသည်။
ဆိုးလ်မြို့ရှိ စုန်းဂယွန်ဂွမ် (Sungkyunkwan) တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ကင်ဆန်ဟွန် (Kim Sung-hyun) က “အကယ်၍ အစိုးရက အရေးပေါ်စေ့စပ်ဖျန်ဖြေရေးကို အသုံးပြုခဲ့ရင် နှစ်ဖက်စလုံးအနေနဲ့ ရက် ၃၀ အတွင်း အပေးအယူတစ်ခု ရရှိဖို့ အခွင့်အလမ်းရှိလာပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဘက်ကမှ အစိုးရနဲ့ ပြည်သူလူထုရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားလို့မရလို့ပါပဲ” ဟု သုံးသပ်ပြောကြားခဲ့သည်။
Ref : SCMP
