နေမိုး
၁၈. ၅. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း ပခုက္ကူမြို့နယ်တွင် PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား တက်နင်းမိသည့် အမျိုးသမီးကြီးတစ်ဦး ခြေထောက်ပြတ် သေဆုံးသွားကြောင်း သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာနေ ဒေါ်အိအိမူ(၄၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ တောအတွင်း၌ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောအနီးအရောက် PDF များ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာနေ ဒေါ်သန်းအေး(၆၂)နှစ်သည် ၎င်း၏နေအိမ်မှ လက်ဝဲကြီးကျေးရွာသို့ သွားရောက်စဉ် အဆိုပါကျေးရွာ အနီးအရောက် PDF များ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
