၁၈.၅.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လူစည်ကားသော လမ်းဆုံတစ်ခုတွင် မေလ ၁၆ ရက် မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် အခြားယာဉ်များကို ဝင်တိုက်ခဲ့သော ကုန်ရထားမောင်းသူ ဆာယွမ်ပွန် ဆောင်ကူလ်မှာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်း၌ ရထားမောင်းနှင်ရန် ရထားပို့ဆောင်ရေးမှ ထုတ်ပြန်သောရထားမောင်းနှင်သူလိုင်စင်လည်း မရှိကြောင်း ရထားပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ပီချက်မကုနာဒမ်ရက်စ်က မေလ ၁၇ ရက်ညတွင် ပြောခဲ့သည်။
မစ္စတာ ပီချက်က ရထားလုပ်ငန်းများတွင် ပါဝင်သော ဌာနဝန်ထမ်းအားလုံးအတွက် အရက်နှင့် မူးယစ်ဆေးဝါးစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ လူရှစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့် အဆိုပါ ကား-ရထားတိုက်မှုတွင် ပါဝင်ပတ်သက်သည့် အသက် ၄၆ နှစ်အရွယ် ဆာယွမ်ပွန်အား ရထားမောင်းနှင်ခွင့်ပြုခဲ့သော ရထားကြီးကြပ်ရေးမှူးများကို စုံစမ်းစစ်ဆေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
မစ္စတာ ဆာယွမ်ပွန်အား ရာထူးမှ ဆိုင်းငံ့ထားပြီး တရားဥပဒေဆိုင်ရာ စွဲချက်များအပြင် ပြင်းထန်သော စည်းကမ်းဖောက်ဖျက်မှုများ အတွက်ပါ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
ဘန်ကောက်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဆယမ် ဘွန်ဆွမ်က ရထားမောင်းသူကို ပေါ့ဆစွာ မောင်းနှင်မှုဖြင့် ကနဦးတွင် တရားစွဲဆိုခဲ့ပြီး လူသေဆုံးမှုနှင့် ပြင်းထန်သောဒဏ်ရာများ ရရှိစေမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ လမ်းဆုံတွင် ရထားလမ်းပေါ် ရပ်တန့်နေခဲ့သော ဘတ်စ်ကားမောင်းသူမှာလည်း အလားတူစွဲချက်ဖြင့် ရင်ဆိုင်နေရသည်။
ထို ကား-ရထားတိုက်မှုတွင် လူရှစ်ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါကား-ရထားလမ်းဆုံနေရာတွင် ယာဉ်ကြောပိတ်ဆို့နေမှုကြောင့် လမ်းဆုံအား တာဝန်ယူထိန်းချုပ်သူက လမ်းဆုံမရောက်မီကပင် ရထားကိုအရှိန်လျှော့ခြင်း (သို့မဟုတ်) ရပ်တန့်ခြင်းပြုရန် အနီရောင်အလံ လွှင့်ထူအချက်ပြထားသော်လည်း ရထားသည် အရှိန်မလျှော့ဘဲ ရပ်တန့်သွားခြင်း မရှိကြောင်း ရဲမှူးကြီး ဆယမ်က ပြောခဲ့သည်။
Ref-Bangkok Post
