
MT News
၁၈. ၅. ၂၀၂၆
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အတည်ပြုထုတ်ပြန်မှုအရ ယနေ့မနက် လှုပ်ခတ်သော ငလျင်မှာ ပြင်းအား ၅ ဒသမ ၂ အဆင့်အထိရှိပြီး မြေအောက် အနက် ၄၀ ကီလိုမီတာ (၂၄ ဒသမ ၈၅၅ မိုင်) မှ လှုပ်ခတ်ခဲ့၍သာ ပျက်စီးထိခိုက်မှု သက်သာခဲ့ရကြောင်း သိရသည်။
ယနေ့၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၃၅) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ရန်ကုန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆ ဒသမ ၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅ ဒသမ ၂(M) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
ပြင်းအား ၅ ဒသမ ၂ အဆင့်သည် မခိုင်ခန့်သော အဆောက်အအုံများနှင့် အိမ်တွင်းပရိဘောဂပစ္စည်းများ ပြိုပျက် ပျက်စီးနိုင်သည့် ပြင်းအားဖြစ်သော်လည်း ယခုမနက်လှုပ်ခတ်သည့် ကျောက်တန်းငလျင်မှာ မြေအောက် ၂၅ မိုင် (ကီလိုမီတာ ၄၀) ခန့်မှ လှုပ်ခတ်၍သာ ပျက်စီးထိခိုက်မှု နည်းပါးရခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများကိုမူ MT News က စုံစမ်းနေဆဲဖြစ်သည်။
