၁၈.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်တောင်ပိုင်း ကွမ်ရှီးဒေသတွင် မေလ ၁၈ ရက် အစောပိုင်းက ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျူ့ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူနှစ်ဦး သေဆုံးပြီး လျူကျိုးမြို့ရှိ လူ ၇,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့ရသည်။ အာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သယ်ယူပို့ဆောင်ရေးတွင် အနှောင့်အယှက်များ ကြုံတွေ့ရနိုင်ကြောင်း သတိပေးခဲ့ကြသည်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူ နှစ်ဦးရှိပြီး တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ လူလေးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းတို့ရရှိသောဒဏ်ရာများက အသက်အန္တရာယ်မရှိသော ဒဏ်ရာများသာဖြစ် ကြောင်း CCTV နှင့် နိုင်ငံပိုင်သတင်းဌာန Xinhua တို့က ပြောကြားခဲ့ကြသည်။
ငလျင်လှုပ်ခတ်မှုကြောင့် မေလ ၁၈ ရက် နံနက်အစောပိုင်းအတွင်း အဆောက်အအုံ ၁၃ လုံး ပြိုကျခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။
ငလျင်လှုပ်အပြီး ရထားလမ်း အခြေခံအဆောက်အအုံများ၏ တည်တံ့ခိုင်မြဲမှုကို စစ်ဆေးနေသောကြောင့် ရထားလမ်းအာဏာပိုင်များက သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်းကိုလည်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေးနှင့် ဓာတ်အားလိုင်းများ၊ ရေနှင့် ဓာတ်ငွေ့ထောက်ပံ့မှုတို့က ငလျင်ဒဏ်ခံရသော ဒေသအတွင်း ပုံမှန်အတိုင်း လည်ပတ်နေကာ ယာဉ်သွားလာမှုများကလည်းပုံမှန်ဖြစ်ကြောင်း Xinhua က ဖော်ပြခဲ့သည်။
Ref- Xinhua
