၁၈.၅.၂၀၂၆
Written by KL
ရေကန်တွင် ရေဆင်းချိုးသည့် အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ်သုံးဦး ရေနစ်သေဆုံးမှု မေလ ၁၇ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုး (တောင်) ရွာ၊ ဖက်ဆွတ်ကန်တွင် ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်း သယ်ယူကူညီပေးခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေနစ်သေဆုံးသည့်ကလေးများမှာ ၁၀ နှစ်ကျော်အရွယ် ယောကျ်ားလေးများဖြစ်ကြပြီး နှစ်ဦးမှာညီအစ်ကိုများဖြစ်ကြကြောင်း သိရသည်။
ရပ်ကွက်တွင်းနေထိုင်သူများ၏ ပြောကြားချက်အရ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကလေးငယ်သုံးဦး ရေဆင်းကူးခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်မလာကြောင်း၊ ညနေ ၅ နာရီခန့်တွင် ရေနစ်ပျောက်ဆုံးနေသည်ဟု သိရှိခဲ့ရသဖြင့် ရပ်ကွက်နေသူ ရပ်မိရပ်ဖများ၊ လူငယ်များ၊ သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှအသင်းဝင်များနှင့် ရေငုပ်ကျွမ်းကျင်သူများနှင့်အတူ ရှာဖွေခဲ့ရာ နာရီဝတ်အကြာတွင် ကလေးငယ်သုံးဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
“ရေကန်က ရှေးဟောင်းကန်ပါ။ ရေအနက် ၈ ပေ၊ ၁၀ ပေလောက်မှာ ကလေးတွေကို ပြန်တွေ့တာပါ။၊ စစ်ရှောင်တိုင်းရင်းသားကလေးတွေပါ။ ကလေးငယ်တွေလည်း လူကြီးတွေမသိအောင် ရေလာမကူးစေချင်ဘူး။ အန္တရာယ်ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသူ ကလေးငယ်သုံးဦး၏ရုပ်အလောင်းကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှအသင်းဝင်များ၊ ပြင်ဦးလွင် (အခမဲ့)နာရေးကူညီမှုအသင်းမှ အသင်းဝင်များက ပြင်ဦးလွင် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
