သက်တံ့
၁၈. ၅. ၂၀၂၆
နယ်စပ်ကိုဖြတ်ကျော်၍ မက်သဖက်တမင်း (စိတ်ကြွရူးသွပ်ဆေးပြား) နှင့် ဘိန်းဖြူများကို အဓိကဖြန့်ဖြူးပေးနေသည့် မြန်မာနိုင်ငံအခြေစိုက် အဓိကမူးယစ်ဆေးဝါးမှောင်ခိုသမားတစ်ဦးကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) က ဖမ်းဆီးရမိခဲ့ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်များကို စဉ်ဆက်မပြတ် နှိမ်နင်းလျက်ရှိသည့် NCB သည် ရေရှည်စောင့်ကြည့်ခြင်း၊ ထောက်လှမ်းရေးသတင်းရယူခြင်း၊ ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နောက်ဆက်တွဲ စစ်ဆင်ရေးများ လုပ်ဆောင်ပြီးနောက် စနေနေ့က ဒေလီမြို့တွင် ၎င်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံဖွား၊ ချင်းတိုင်းရင်းသားဟု ယူဆရသော ထန်ချင်းတွမ် (Thancintuang) ခေါ် ချင်းတွမ် (Chintuang) ခေါ် တွန်ဂါ (Tluanga) ဟု သုံးမည်ရသည့် အဆိုပါတရားခံသည် ယခုနှစ်အတွင်း NCB က ဖမ်းဆီးရမိခဲ့သည့် ဒုတိယမြောက် မြန်မာနိုင်ငံအခြေစိုက် အဓိကမူးယစ်ဆေးဝါးဖြန့်ဖြူးသူဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
ချင်းတွမ်သည် မြန်မာ-မီဇိုရမ်-မဏိပူရ-အာသံ-ထရီပူရ လမ်းကြောင်းတစ်လျှောက် လှုပ်ရှားနေသည့် အရေးပါဆုံး မှောင်ခိုသမားများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှတစ်ဆင့် မက်သဖက်တမင်းနှင့် ဘိန်းဖြူများကို နိုင်ငံတကာသို့ အဓိကတင်ပို့နေသူအဖြစ် စိစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် မီဇိုရမ်၊ မဏိပူရ၊ အာသံနှင့် ထရီပူရ ပြည်နယ်များကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအနှံ့အပြားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် နယ်စပ်ဖြတ်ကျော်မှောင်ခိုကွန်ရက်များကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
၎င်းသည် NCB နှင့် အခြားမူးယစ်ဆေးဝါးဥပဒေစိုးမိုးရေးအေဂျင်စီများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအက်ဥပဒေ (NDPS Act) အရ အမှုဖွင့်ထားသည့် အမှုပေါင်းများစွာဖြင့် အလိုရှိနေသူဖြစ်သည်။ ချင်းတွမ်သည် ၂၀၂၅ ခုနှစ်တွင် မီဇိုရမ်ရဲတပ်ဖွဲ့က မက်သဖက်တမင်းနှင့် ဘိန်းဖြူမှောင်ခိုကူးမှု သံသယဖြင့် အမှုဖွင့်ထားသည့် NDPS အမှုနှစ်ခုတွင်လည်း တရားခံအဖြစ် ပါဝင်နေသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်က မီဇိုရမ်အကောက်ခွန်နှင့် မူးယစ်ဆေးဝါးဌာနက ဘိန်းဖြူမှောင်ခိုမှုဖြင့် ဖမ်းဆီးခဲ့သည့် NDPS အမှု ၆ ခုတွင်လည်း ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။
ချင်းတွမ်သည် ကာလတန်ဖိုး အိန္ဒိယရူပီး ၁၁၅ ကုဋေ (ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၅၁ ဘီလျံဝန်းကျင်) ခန့်ရှိသော တရားမဝင်မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်များတွင် ပါဝင်ပတ်သက်နေကြောင်း NCB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းသည် မြန်မာ-မီဇိုရမ်-ထရီပူရ-အာသံ လမ်းကြောင်းနှင့် ဆက်နွှယ်နေသည့် NDPS အမှု ၇ ခုနှင့် ဆက်စပ်နေပြီး မြန်မာ-မဏိပူရ-အာသံ လမ်းကြောင်းနှင့် ပတ်သက်သည့် အခြားအမှု ၅ ခုတွင်လည်း ပါဝင်ပတ်သက်နေသည်ဟု သံသယရှိခြင်းခံထားရသည်။ ချင်းတွမ်သည် ၂၀၂၄ ခုနှစ်က အာဂါတာလာ (Agartala) ဇုန် NCB အမှုတွင် မက်သဖက်တမင်း ၁၄ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၂ ဒသမ ၈ ကီလိုဂရမ် ဖမ်းဆီးရမိမှု၌ အဓိကတရားခံဖြစ်သလို ၂၀၂၅ ခုနှစ်က မက်သဖက်တမင်းဆေးပြား ၄၉ ဒသမ ၁ ကီလိုဂရမ် ဖမ်းဆီးရမိသည့် အခြားအမှုတစ်ခုတွင်လည်း အဓိကတရားခံဖြစ်သည်။ စုံစမ်းစစ်ဆေးမှုအတွင်း အဆိုပါဂိုဏ်းဝင်အချို့နှင့် ချင်းတွမ်၏ အနီးကပ်လူယုံများကို NCB က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
၎င်းတို့အနက် ချင်းတွမ်၏ အနီးကပ်လူယုံနှင့် အဓိကကူညီပံ့ပိုးသူအဖြစ် သတ်မှတ်ခြင်းခံရသူ ဝန်းခန်ထောင်နာ (Vungkhanthawna) သည် မြန်မာအခြေစိုက် မှောင်ခိုကွန်ရက်နှင့် ဆက်နွှယ်နေသည့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးနှင့် လွှဲပြောင်းပေးအပ်မှုများကို ညှိနှိုင်းဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းကို နောက်ဆက်တွဲစစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မီဇိုရမ်ရဲတပ်ဖွဲ့က ဖွင့်လှစ်ထားသည့် အခြား NDPS အမှုတစ်ခုတွင်လည်း ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။
အခြားအမျိုးသမီးလူယုံတစ်ဦးဖြစ်သူ လာရမ်ပါရီ (Lalrampari) မှာမူ အဆိုပါဂိုဏ်း၏ တရားမဝင်မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းမှ ရရှိလာသော ငွေကြေးများကို ကိုင်တွယ်ခြင်းနှင့် လွှဲပြောင်းပေးခြင်းများအတွက် တာဝန်ရှိသည့် အဓိက ဟွန်ဒီ (Hawala) ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် NCB က ဖမ်းဆီးခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါကွန်ရက်နှင့် ဆက်နွှယ်နေသည့် ရူပီး ကုဋေ ၁၀၀ နီးပါးရှိသော ဟွန်ဒီငွေလွှဲပြောင်းမှုများကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ၎င်းအချက်အလက်များကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အမှုဆောင်ညွှန်ကြားမှုဦးစီးဌာန (ED) ထံသို့ လွှဲပြောင်းမျှဝေခဲ့သည်။ မူးယစ်ဆေးဝါးမှောင်ခိုမှုမှ ရရှိသည့်ငွေကြေးဖြင့် ဝယ်ယူထားသည်ဟု သံသယရှိရသော ပိုင်ဆိုင်မှုများကိုလည်း အာဏာပိုင်များက ချိတ်ပိတ် (Freeze) ခဲ့သည်။
ဆက်လက်စုံစမ်းစစ်ဆေးမှုများအရ အာသံပြည်နယ်၊ ကာချာ (Cachar) ခရိုင်မှ အဘူဆာလေ (Abu Saleh) ခေါ် ဆိုင်ဖူဒင် (Saifuddin) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းသည် ချင်းတွမ်၏ကွန်ရက်နှင့် ဆက်နွှယ်နေသည့် အိန္ဒိယနိုင်ငံသား အဓိကကိုယ်စားလှယ်နှင့် သယ်ယူပို့ဆောင်ရေးညှိနှိုင်းသူအဖြစ် စိစစ်တွေ့ရှိရပြီး အာသံလမ်းကြောင်းတစ်လျှောက် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည် မီဇိုရမ်ရဲတပ်ဖွဲ့နှင့် မီဇိုရမ်အကောက်ခွန်နှင့် မူးယစ်ဆေးဝါးဌာနတို့က ဖွင့်လှစ်ထားသော NDPS အမှုအများအပြားနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။
၂၀၂၅ ခုနှစ် အာဂါတာလာဇုန်အမှုတွင် ဖမ်းဆီးရမိခဲ့သည့် အဓိကတရားခံတစ်ဦးမှာ အာသံပြည်နယ်၊ ကာရင်ဂန်ဂျ် (Karimganj) မှ ဂျာဘရူလ် (Jabrul) ဖြစ်သည်။ ၎င်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် နောက်ထပ်မူးယစ်ဆေးဝါးအုပ်စုများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ထရီပူရရဲတပ်ဖွဲ့နှင့် NCB တို့က ဖွင့်လှစ်ထားသည့် NDPS အမှုအများအပြားတွင် ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။
အဆိုပါအမှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအရ တရားခံများနှင့် ဆက်စပ်နေသည့် ဘဏ်စာအုပ်အများအပြားကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး ယာယီချိတ်ပိတ်ထားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။
စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံမှ မီဇိုရမ်၊ မဏိပူရ၊ အာသံ၊ ထရီပူရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အထိ ကျယ်ပြန့်သော၊ စနစ်တကျ ဖွဲ့စည်းထားသော ပြည်နယ်ဖြတ်ကျော်နှင့် နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်ကြီးတစ်ခု တည်ရှိနေကြောင်း ပေါ်ပေါက်ခဲ့သည်။ အဆိုပါဂိုဏ်းသည် အပြည်ပြည်ဆိုင်ရာနှင့် ပြည်နယ်ချင်းဆက် နယ်စပ်များကို ဖြတ်ကျော်၍ မက်သဖက်တမင်းနှင့် ဘိန်းဖြူများကို မှောင်ခိုကူးရန်နှင့် ဖြန့်ဖြူးရန်အတွက် မှောင်ခိုလမ်းကြောင်းမျိုးစုံ၊ ဒေသခံကူညီပံ့ပိုးသူများ၊ သယ်ယူပို့ဆောင်ရေးညှိနှိုင်းသူများ၊ ဟွန်ဒီလမ်းကြောင်းများနှင့် ဘဏ္ဍာရေးကိုင်တွယ်သူများကို အသုံးချခဲ့ကြသည်။
၂၀၂၅ ခုနှစ်မှစတင်၍ NCB သည် မူးယစ်ဆေးဝါးအုပ်စုများကို ဖမ်းဆီးရုံတင်မကဘဲ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်သည့် “အထက်မှအောက်” နှင့် “အောက်မှအထက်” ချဉ်းကပ်မှုနှစ်ခုစလုံးကို ကျင့်သုံးပြီး ကွန်ရက်ဗဟိုပြု စုံစမ်းစစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတစ်ခုတည်း၌ပင် NCB သည် ၂၀၂၅ ခုနှစ်အတွင်း NDPS အမှုပေါင်း ၄၈ မှု ဖွင့်လှစ်နိုင်ခဲ့ပြီး မူးယစ်မှောင်ခိုသမား ၁၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်တွင် ကာလတန်ဖိုး ရူပီး ၆၆၅ ကုဋေ (ကျပ်ဘီလျံ ၃၀၀ ခန့်)ရှိသော မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။
၂၀၂၆ ခုနှစ်အတွင်း၌မူ NCB သည် လက်ရှိအချိန်ထိ NDPS အမှုပေါင်း ၃၁ မှု ဖွင့်လှစ်ထားပြီးဖြစ်ကာ၊ တစ်ဒေသလုံးတွင် စဉ်ဆက်မပြတ် နှိမ်နင်းရေးစစ်ဆင်ရေးများ လုပ်ဆောင်စဉ်အတွင်း မူးယစ်မှောင်ခိုသမား ၅၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။
Ref : Nagaland Post.
