သက်တံ့
၁၈. ၅. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟို (Idaho) ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ ပြုလုပ်သည့် လေကြောင်းပြပွဲတွင် တိုက်လေယာဉ်နှစ်စီး ဝေဟင်၌ တိုက်မိခဲ့ပြီးနောက် အမေရိကန်လေတပ်မှ တပ်ဖွဲ့ဝင်လေးဦးသည် အံ့ဩဖွယ်ရာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
Mountain Home လေတပ်အခြေစိုက်စခန်းသည် မေ ၁၇ ရက် ညပိုင်းက လူထုပရိသတ်များရှေ့တွင် ပြုလုပ်ခဲ့သည့် “Gunfighter Skies” လေကြောင်းပြပွဲ၌ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အတည်ပြု ထုတ်ပြန်ခဲ့သည်။
လူမှုကွန်ရက်ပေါ်ရှိ ရုပ်သံမှတ်တမ်းများအရ တိုက်လေယာဉ်နှစ်စီးသည် ဝေဟင်၌ အချင်းချင်း တိုက်မိသွားခဲ့ပြီးနောက် လေယာဉ်ပေါ်ပါ လူလေးဦးစလုံးသည် အရေးပေါ် ခုန်ထွက်နိုင်ခဲ့ကာ လေထီးများကို ဖွင့်ချနိုင်ခဲ့ကြောင်း တွေ့ရသည်။
“ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ လေယာဉ်အမှုထမ်းတွေဟာ လက်ရှိမှာ စိုးရိမ်စရာမရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ လေယာဉ်ပျက်ကျမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကိုလည်း ဘေးကင်းစွာဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း စခန်းတာဝန်ရှိသူများက အတည်ပြုသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်အခြေစိုက်စခန်းကို ခေတ္တပိတ်ထားခဲ့သော်လည်း လာရောက်ကြည့်ရှုသူများ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် လက်ရှိတွင် ပြန်လည်ဖွင့်လှစ်ပေးထားပြီး ဖြစ်သည်။
ထိုဖြစ်ရပ်တွင် ဝါရှင်တန်ပြည်နယ်၊ ဝှစ်ဘီကျွန်း (Whidbey Island) ရှိ အီလက်ထရွန်နစ်တိုက်ခိုက်ရေးတပ်ဖွဲ့ ၁၂၉ မှ အမေရိကန်ရေတပ်ပိုင် EA-18G Growler အမျိုးအစား လေယာဉ်နှစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ပစိဖိတ်ရေတပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်မှူးကြီး Amelia Umayam က ပြောကြားခဲ့သည်။
မျက်မြင်သက်သေတစ်ဦးဖြစ်သူ ရှိန်း အော့ဂ်ဒန် (Shane Ogden) က ၎င်းအနေဖြင့် အဆိုပါ တိုက်လေယာဉ်နှစ်စီး အနီးကပ်ပျံသန်းလာစဉ် ရုပ်သံရိုက်ကူးနေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ၎င်းရိုက်ကူးမိသည့် ဗီဒီယိုဖိုင်တွင် လေယာဉ်နှစ်စီးသည် အချင်းချင်း ထိမိသွားပုံရပြီးနောက် လေယာဉ်မှူးများ အရေးပေါ်ခုန်ထွက်ကာ လေထီးများပွင့်လာချိန်တွင် လေယာဉ်နှစ်စီးစလုံးသည် ပူးတွဲလျက် အရှိန်ပြင်းစွာ လည်ပတ်ပျံသန်းသွားခဲ့သည်။
ထို့နောက် လေယာဉ်များသည် အတူတကွ ပျက်ကျသွားခဲ့ပြီး မြေပြင်သို့ ရိုက်မိချိန်တွင် ပေါက်ကွဲကာ မီးလုံးကြီး ဖြစ်သွားခဲ့သည်။ လေယာဉ်မှူးများမှာမူ ၎င်းအနီးအနားရှိ မြေပြင်သို့ လေထီးဖြင့် ဆင်းသက်နိုင်ခဲ့သည်။
“သူတို့တွေ လမ်းခွဲပြီး ပျံသန်းသွားကြလိမ့်မယ်အထင်နဲ့ ကျွန်တော် ရိုက်နေခဲ့တာ၊ ဒါပေမဲ့ အဲဒီလို ဖြစ်သွားတော့ ကျန်တဲ့အပိုင်းကိုပါ ဆက်ရိုက်ဖြစ်ခဲ့တာပါ” ဟု အော့ဂ်ဒန်က စာတိုပေးပို့ ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးသမားများကို အနှောင့်အယှက်မဖြစ်စေချင်သဖြင့် ၎င်းနေရာမှ ချက်ချင်းထွက်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ်တွင် ပြုလုပ်သည့် Gunfighter Skies လေကြောင်းပြပွဲသည် အဆိုပါ လေတပ်စခန်း၌ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် လေကြောင်းပြပွဲတွင် စက်မဲ့လေထီး (Hang glider) စီးနင်းသူတစ်ဦး ပျက်ကျသေဆုံးခဲ့ဖူးသည်။
Ref : 9 News & AP
