
သက်တံ့
၁၈. ၅. ၂၀၂၆
ပြည်သူများ လမ်းပေါ်ဆင်းပြေးရသည့်အထိ သိသာပြင်းထန်သောငလျင်တစ်ခု ရန်ကုန်မြို့တွင် ယနေ့မနက်ပိုင်းအချိန်က လှုပ်ခတ်သွားခဲ့သည်။
ငလျင်သည် တော်လည်းသံကဲ့သို့ မြည်ဟည်းပြီး လေးချက်ထက်မနည်း ဆောင့်ဆောင့်၍ လှုပ်ခတ်ခဲ့သဖြင့် ငလျင်ပြင်းထန်မှုအရှိ သိသာခဲ့ပြီး ကန်ထရိုက်တိုက်ခန်းနေ ပြည်သူများ ပိုမိုထိတ်လန့်ခဲ့ရခြင်းဖြစ်သည်။
“ငလျင်က တော်တော်ကြမ်းတယ်။ တော်လည်းသံကြီးနဲ့ လေးငါးချက် ဆင့်ဆင့်ပြီး လှုပ်တာ။ အပေါ်ထပ်မှာ မနေရဲလို့ အောက်ပါဆင်းပြေးရတယ်။ မန္တလေးငလျင်ကြီးပြီးကတည်းက လှုပ်တဲ့ရန်ကုန်ငလျင်တွေထဲမှာ ဒီတစ်ခါက အပြင်းဆုံးနဲ့ အကြမ်းဆုံးပဲ”ဟု တာမွေမြို့နယ်နေထိုင်သူတစ်ဦးက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ငလျင်နှင့်ပတ်သက်၍ မထုတ်ပြန်သေးသော်လည်း Google Alert အရ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ကျောက်တန်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုငလျင်ဒဏ်ကို ရန်ကုန်တိုင်းနေပြည်သူများ သိသိသာသာ ခံစားခဲ့ရသည်။
