

MT News
၁၄. ၅. ၂၀၂၆
ရန်ကုန်မြို့ပတ်ရထား လမ်းကြောင်းတစ်လျှောက်အား နောင်အနာဂတ်ကာလတွင် မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြုနိုင်သည်အထိ စနစ်တကျ သုတေသနပြု တွက်ချက်ဆောင်ရွက်ထားရှိရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့တွင် ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးစဥ် မှာကြားသည်။
၂၀၂၇ ခုနှစ်တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်တော့မည့် ရထားပို့ဆောင်ရေး စနစ်သည် ယခုထက် ပိုမို၍ဖွံ့ဖြိုးတိုးတက်သင့်သည်ဟုထင်မြင်မိပြီး လက်ရှိ မြန်မာ့မီးရထားတွင် ဧကလမ်း ၃၄၈၃ မိုင်၊ ဒွေးလမ်း ၃၈၅ မိုင်၊ စုစုပေါင်းရထားလမ်းမိုင် ၃၈၆၈ မိုင်ရှိပြီဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးသည် ခရီးသွားပြည်သူများ၏ အကျိုးကိုဖော်ဆောင်ပေးနိုင်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးရှိသည့် လုပ်ငန်းရပ် တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတွင်လည်း ရထားပို့ဆောင်ရေး စနစ် ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အကျိုးရှိစွာ အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
သို့သော် မြန်မာနိုင်ငံရှိ ရထားလမ်းများအနေဖြင့် သတ်မှတ်အရည်အသွေးများနှင့် အဆင့်မီမှုအားနည်းလျက်ရှိသည်ကို တွေ့မြင်ရပြီး ရထားလမ်းများ အရည်အသွေးနှင့် အဆင့်မီမှုရှိမှသာလျင် ရထားများကို မြန်နှုန်းမြင့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရထားလမ်းများအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရထားလမ်းများအဆင့်မြှင့်တင်ရာတွင်ရထားသံလမ်းများ၊ ဇလီဖားတုံးများ၊ အောက်ခံကျောက်များ သတ်မှတ် အရည်အသွေးပြည့်မီရမည်ဖြစ်သကဲ့သို့ ရထားလမ်းကွေ့နေရာများ၊ အနိမ့်အမြင့်နေရာများကိုလည်း စနစ်တကျထည့်သွင်း တွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် မီးရထားလမ်းများအဆင့်မြှင့်တင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ များစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း မှာကြားသည်။
ထို့အတူ ရထားပို့ဆောင်ရေးကို ပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအရ လောင်စာဆီအခက်အခဲများကို ကြုံတွေ့ရလျက်ရှိကြောင်း၊ ထိုသို့ ကြုံတွေ့နေရသည့်အချိန်တွင် မိမိတို့အနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန် အောင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ပို့ဆောင်ရေးစနစ်များတွင် လေယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရထားပို့ဆောင်ရေးဟူ၍ရှိပြီး ရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများ ပို့ဆောင်ပေး နိုင်သည့် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအတွက်အမှန်တကယ် အကျိုးရှိသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး ရထားကိုအသုံးပြုခြင်းကြောင့် လောင်စာဆီများသုံးစွဲရမှုကို လည်း သက်သာစေနိုင်ကြောင်း၊ ရထားပို့ဆောင်ရေးစနစ်ကို ပြည်သူများပိုမို အားကိုးလာစေရေး ရထားနှင့်ပတ်သက်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် ပို့ဆောင်နိုင်မည်ဆိုပါက ရထားကိုစီးနင်းသုံးစွဲသူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် အဓိကကျ သည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ် ပို့ဆောင်ပြေးဆွဲနိုင်ရေးအတွက် လည်း ဆောင်ရွက်နေရန်လိုကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် စသည့် ရထားလမ်းများကို ဦးစားပေးအနေဖြင့် အဆင့်မြှင့်တင်ပြုပြင်သွားကြရမည်ဖြစ်ကြောင်း၊ ရထားတွဲများ မည်မျှပင် ကောင်းသည်ဖြစ်စေ ရထားလမ်းများကောင်းမွန်မှုမရှိပါက ထိရောက် ကောင်းမွန်မှုရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ရထားလမ်းများ အဆင့်မီကောင်းမွန်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရထားလမ်းများကို အပိုင်းလိုက် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ရာတွင် ယခင်က ဂျပန်နိုင်ငံမှ ချေးငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် တုန့်ဆိုင်းနေသဖြင့် နောက်ပိုင်းတွင် နိုင်ငံတော်၏ဘဏ္ဍာငွေမှစိုက်ထုတ်၍ အဆင့်မြှင့်တင်ခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူများ၏သွားလာမှု အဆင်ပြေချောမွေ့ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိ၇၅ ပေါင်သံလမ်းများကိုလည်း အဆင့်မြှင့်တင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ၁၁၀ ပေါင်သံလမ်းများ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက်လည်း ဆက်လက်လျာထား စဉ်းစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရထားလမ်းများကောင်းမွန်စေရေး အတွက် အဓိကအနေဖြင့်ကျောက်များ သတ်မှတ်ချက်များနှင့်အညီ စံချိန်စံညွှန်း ပြည့်မီစွာ ထည့်သွင်းနိုင်ရမည်ဖြစ်ကြောင်း၊ ကျောက်များအား သတ်မှတ်ချက်များနှင့်အညီ ပြည့်မီအောင် ထည့်သွင်းထားရှိခြင်းဖြင့် ဇလီဖားတုံးများအား ထိန်းညှိပေးခြင်း၊ ဝန်ကိုမျှတစေခြင်း၊ တုန်ခါမှုများအား ထိန်းညှိပေးခြင်း၊ ရေစီးရေလာကို ကောင်းမွန်စေခြင်း၊ လမ်းကြောင်းတစ်လျှောက် ပေါင်းမြက်နှင့် အပင်များပေါက်ရောက်မှုကို လျှော့ချပေးခြင်း၊ အသံနှင့်အပူတို့ကို လျှော့ချပေးခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိစေနိုင်မည်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် ထိုကဲ့သို့သော အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရေး ကျောက်များခင်းကျင်းခြင်းကို စနစ်တကျဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်း၊ လိုအပ်သည့် ကျောက်များရရှိရန်အတွက်လည်း မိမိတို့ အနေဖြင့် အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထား ရှိပြီးဖြစ်သဖြင့် အကျိုးရှိရှိ အသုံးချသွား ကြရန်လိုကြောင်း၊ ရထားလမ်းအဆင့်မီရေးတွင် ကျောက်ပြည့်မီအောင် ဖြည့်သွင်းဆောင်ရွက်ခြင်းသည်အရေးကြီးသကဲ့သို့ ဇလီဖားတုံးများအား သတ်မှတ်ထားသည့် အကွာအဝေးများ၌ အရေအတွက်ပြည့်မီစွာဖြင့် အရည်အသွေးပြည့်မီအောင် ထည့်သွင်းထားရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင် ရထားလမ်းကွေ့နေရာများကိုလည်း သတ်မှတ်အမြန်နှုန်း နှင့်အညီမောင်းနှင်နိုင်ရေး စနစ်တကျလေ့လာ၍ ပြန်လည်တွက်ချက်ပြင်ဆင်ခြင်း၊ Super Elevation များထည့်သွင်းခြင်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၇၅ ပေါင် စံကိုက်လမ်းကို အမြန်နှုန်းမည်မျှအထိ မောင်းနှင်နိုင်မည်ကို စမ်းသပ်မောင်းနှင်သွားရန်လိုကြောင်း၊ အမြန်နှုန်းများမြှင့်တင် ဆောင်ရွက်နိုင်ခြင်းဖြင့် ခရီးသွားပြည်သူ များအတွက် အချိန်ကုန်သက်သာစေနိုင်မည်ဖြစ်ကြောင်း၊ ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထား လမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကိုလည်း လေ့လာ တွက်ချက်၍ စနစ်တကျဖြင့်အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ စင်္ကြံနှင့် ရထားကြမ်း ခင်းများ Level ညီရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကကျသည့် ဘူတာများကို ကြိုတင်ပြင်ဆင်ပြီး ကျန်ရှိသည့်ဘူတာငယ်များကို ဆက်လက်ပြင်ဆင် ဆောင် ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက်ရှိ ရထားလမ်းကူးများ၊ တံတားများ နှင့် ပတ်သက်၍လည်း ရထားသံလမ်းများအဆင့်မြှင့်တင်သွားမည်ဆိုပါက တံတားများကိုလည်း မြှင့်တင်နိုင်ရေးစနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား လမ်းကြောင်းများတစ်လျှောက်၌ အသွားအလာများပြားသည့် ရထားလမ်းကူး နေရာများ၌လည်း ကုန်းကျော်တံတားများတည်ဆောက်ခြင်း၊ လမ်းကူးအချက်ပြ စနစ်များ စနစ်တကျဖြစ်အောင်ဆောင်ရွက်ပေးခြင်း၊ ရထားဖြတ်သန်းချိန်၌ ဂိတ်တံခါးများ စနစ် တကျဖြင့် အဖွင့်၊ အပိတ်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း စနစ်တကျဖြင့် သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်မြို့ပတ်ရထား လမ်းကြောင်း တစ်လျှောက်၌ စနစ်တကျဖြစ်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်အနာဂတ် ကာလတွင် မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြု နိုင်သည်အထိ စနစ် တကျ သုတေသနပြု တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
