President Donald J. Trump participates in a welcome ceremony with President Xi Jinping of the People’s Republic of China, Thursday, May 14, 2026, at the Great Hall of the People in Beijing, China. (Official White House Photo by Daniel Torok)
◾ အီရန်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ နျူကလီးယားလက်နက် မပိုင်ဆိုင်ရစေရန်လည်း နှစ်နိုင်ငံသဘောတူညီ
သတိုး
၁၄. ၅. ၂၀၂၆
ကမ္ဘာ့စွမ်းအင်လုံခြုံရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ရေကြောင်းသွားလာမှုများ အနှောင့်အယှက်မရှိစေဘဲ ဆက်လက်ဖွင့်လှစ်ထားရှိနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား အရေးကြီးသည့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း အိမ်ဖြူတော်က ယနေ့ သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံသို့ မေလ ၁၃ ရက်မှ ၁၅ ရက်အထိ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့တွင် ယနေ့တွေ့ဆုံအပြီး အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသဘောတူညီချက်သည် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် နိုင်ငံတကာ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ တည်ငြိမ်စေရန် ရည်ရွယ်သည်။
◾ အဓိကကျသော သဘောတူညီချက်များ
အဆိုပါ ရေလက်ကြားအား ပိတ်ဆို့ခြင်းမရှိစေရန်နှင့် ကုန်သွယ်ရေးသင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းနိုင်စေရန် နှစ်နိုင်ငံအကြား နားလည်မှုရယူနိုင်ခဲ့ခြင်းဖြစ်သလို ကမ္ဘာ့ရေနံတင်ပို့မှု၏ အဓိကအသက်သွေးကြော မပြတ်တောက်စေရေးအတွက် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား ဘုံသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ ဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများ ရှိနေသော်လည်း ရေကြောင်းလွတ်လပ်ခွင့်နှင့် စီးပွားရေး တည်ငြိမ်မှုအတွက် နှစ်နိုင်ငံစလုံးက အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။
◾ တရုတ်သမ္မတ၏ သဘောထားနှင့် စွမ်းအင်ကဏ္ဍ
သမ္မတ ရှီက အဆိုပါ ရေလက်ကြားကို စစ်ရေးအရ အသုံးပြုလာမှုအား တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်းနှင့် အသုံးပြုခ ကောက်ခံရန် ကြိုးပမ်းမှုမှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် နောင်အနာဂတ်တွင် ဟော်မုဇ်ရေလက်ကြားအပေါ် တရုတ်၏ မှီခိုနေရမှုကို လျှော့ချနိုင်ရန် အမေရိကန်ရေနံများကို ပိုမိုဝယ်ယူနိုင်ရေး စိတ်ဝင်စားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် အရှေ့အလယ်ပိုင်းမှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကမ္ဘာ့ဈေးကွက်သို့ စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သဖြင့် ယခုသဘောတူညီချက်သည် ကမ္ဘာ့လောင်စာဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ခြေလှမ်းဖြစ်ကြောင်း နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။
◾ စီးပွားရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုအထဲတွင် အမေရိကန်လုပ်ငန်းများ တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် အမေရိကန် စက်မှုကဏ္ဍများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ ပါဝင်သည်။ အဆိုပါတွေ့ဆုံမှုတွင် အမေရိကန် ထိပ်တန်းကုမ္ပဏီကြီးများမှ အကြီးအကဲများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့အပြင် အမေရိကန်အတွင်းသို့ ဖန်တနိုင်း (Fentanyl) မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ရှေ့ပြေးဓာတုပစ္စည်းများ စီးဝင်နေမှုကို ရပ်တန့်ရေးနှင့် တရုတ်နိုင်ငံက အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များကို ပိုမိုဝယ်ယူသွားရန် ကိစ္စရပ်များကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြသည်။
အရေးကြီးသည့် အချက်တစ်ချက်အနေဖြင့် အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ပိုင်ဆိုင်ခွင့်မရှိစေရဟူသည့် အချက်ကိုလည်း သမ္မတနှစ်ဦးစလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။
Ref: White House
