သတိုး
၁၄. ၅. ၂၀၂၆
အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို သေဒဏ်အထိ ချမှတ်နိုင်မည့် “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း” အား ပြည်သူများ လေ့လာသိရှိအကြံပြုနိုင်ရန် ယနေ့ ထုတ်ပြန်လိုက်သည်။
အခန်း ၁၃ ခုနှင့် ပုဒ်မ ၆၃ ခုပါဝင်သော “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း” တွင် အနိမ့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်သိန်း ၁၀၀ ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။

သေဒဏ်ချမှတ်နိုင်ခြင်းနှင့် ပတ်သက်ပြီး ပုဒ်မ ၅၇ တွင် မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် တစ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်ထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ အဆိုပါ ပြစ်မှုကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးစေခဲ့သော် သေဒဏ်ချမှတ်ရမည်ဟု ပြဌာန်းထားသည်။ ပုဒ်မ ၄၇ တွင်မူ မည်သူမျှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရန်အလို့ငှာ သူတစ်ဦးကို အကြမ်းဖက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း မပြုရဟု ပြဌာန်းထားသည်။
ဤဥပဒေကို – (က) အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတော်အတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်၊ (ခ) နယ်စပ်ဒေသများမှတစ်ဆင့် နိုင်ငံတော်အတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်နိုင်ရန်၊ (ဂ) အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများကို အမြစ်ပြတ် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရန်၊ (ဃ) အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူ ထိခိုက်နစ်နာဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ရန်၊ (င) ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်နိုင်မည့် စနစ်တစ်ခု တည်ထောင်နိုင်ရန်၊ (စ) အွန်လိုင်းလိမ်လည်မှု ပြုလုပ်သည့်နေရာတွင် တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကို စိစစ်ထိန်းသိမ်းနိုင်ရန်၊ (ဆ) အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာမှ ရရှိလာသည့် အကျိုးအမြတ်များကို သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်း ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြဌာန်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

ပုံစာ။ KNU ၏ ရှယ်ယာပါဝင်သော အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေပြုရာ KK Park အား တပ်မတော်က ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့မှု တွေ့ရစဉ်။
