





၁၄.၅.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေရေးရာအဖြာဖြာနှင့် လွှတ်တော်ဟောပြောပွဲကို မေ ၇ ရက်မှ ၁၄ ရက်အထိပြုလုပ်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ တစ်ပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ” ဒီသင်ခန်းစာတွေကို အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ တစ်ဦးချင်းဆွေးနွေးမေးမြန်းခြင်းပြုလုပ်ခဲ့တဲ့အတွက်လည်း ဒီသင်တန်းရဲ့အောင်မြင်မှု၊ ဒီ Workshop ရဲ့ အောင်မြင်မှုအပေါ်မှာ ကျွန်တော်အနေနဲ့ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း တင်ပြလိုပါတယ်။ ဆွေးနွေးပွဲကရရှိတဲ့ အတွေ့အကြုံတွေ၊ ဆွေးနွေးချက်တွေကိုလည်း နောင်မှာ ကိုယ်စားလှယ်တော်ကြီးများရဲ့ ဥပဒေပြုရေးလုပ်ငန်းနဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်ဖို့ရာလည်း ယုံကြည်မျှော်လင့်မိပါတယ် ” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးတို့က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟောပြောဆွေးနွေးခဲ့သည့် ဝါရင့် ဥပဒေပညာရှင်နှင့် အခြားပညာရှင် ဆရာကြီး၊ ဆရာမကြီးများကို လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။
ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ” နိုင်ငံတကာက ဥပဒေပြုရေးလုပ်ငန်းစဉ်တွေ၊ ပြီးတော့ ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာ ကျွန်မတို့သုံးစွဲရမဲ့ စကားလုံတွေ၊ သင်တန်းကာလအတွင်းမှာလည်း လွှတ်တော်ကော်မတီအလိုက် Activities လေးတွေ လုပ်ရပါတယ်။ ကျွန်မတို့ကိုယ်တိုင် ဥပဒေကြမ်းရေးဆွဲတဲ့အခါမှာ အဓိကအခြေခံသုံးချက်ကိုလည်း ကော်မတီအလိုက် Presentation တွေ လုပ်ရပါတယ်။ ဥပဒေကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်တွေဟာ ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်တွေ မရှိမဖြစ် မသိမရှိ သိရှိရမဲ့ အချက်လည်းဖြစ်ပါတယ်။ ဒီသင်တန်းပြီးတဲ့အခါမှာလည်း ကျွန်မတို့ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းတွေမှာ များစွာအသုံးချနိုင်မှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
