၁၃.၅.၂၀၂၆
Written by Linn Eain
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မဂ္ဂါဝပ် ၃၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (30 MW Solar Power Generation Project) တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကို မေ ၂၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ပုသိမ်စက်မှုစီမံကိန်းနှင့် 30 MW Solar Power Generation Project လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ (၁)တွင် မေ ၁၂ ရက်က ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကုမ္ပဏီမှ တာဝန်ရှိသူများက အဆိုပြု ဆိုလာစီမံကိန်း 30 MW မှ ထုတ်လုပ်ပေးနိုင်မည့် လစဉ်ဓာတ်အားအခြေအနေ၊ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှု အခြေအနေ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ကာလ၊ စီမံကိန်းအမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ မဂ္ဂါဝပ် ၃၀၊ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂၆ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မေ ၂၆ ရက်တွင် လုပ်ငန်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ကနဦးတွင် မဂ္ဂါဝပ် ၃၀ ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်မည့်မြေနေရာ ရရှိမှုအပေါ်မူတည်၍ မဂ္ဂါဝပ် ၉၀ အထိ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်လုပ်ကိုင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
