




သက်တံ့
၁၀. ၅. ၂၀၂၆
ယနေ့ ကျင်းပနေသော UFC 328 ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ချင်းဖိုက်တာ ဂျော်ရှဝါဗန်က ပြိုင်ဘက် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အလဲထိုးဖြင့် အနိုင်ယူခဲ့ပြီး ချန်ပီယံဆုနှင့် မထိုက်တန်ဟူသော အမနာပစကားများကိုပါ အလဲထိုးဖြင့် ထပ်ဆင့်အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။
UFC ဖလိုင်းဝိတ်တန်းတွင် ချန်ပီယံဆုလေးကြိမ်ကာကွယ်ထားပြီး ခါးပတ်ငါးခုရရှိထားသော အလက်ဇန္ဒြေပန်တိုဂျာမှာ စစ်ဘေးရှောင်ချင်းဖိုက်တာ ဗန်နှင့်ကြမှ ဒူးထောက်ခဲ့ရကာ ချန်ပီယံဆု လွှဲပြောင်းပေးခဲ့ရာမှ ထိုအနိုင်ရရှိမှုသည် ကံကောင်းမှုနှင့် မတော်တဆမှု ရောယှက်နေသည်ဟု ပန်တိုဂျာနှင့် ဗန်ကို အရေးနိမ့်သူများ၏ သွားပုပ်လေလွင့်မှ စတင်ခဲ့သည့် ဝေဖန်မှုများကို ဗန်က အထာကျကျကျော်ဖြတ်ကာ ယနေ့အနိုင်ယူခဲ့သည့်ဖြစ်စဥ်တွင်မူ ပန်တိုဂျာကို အနိုင်ယူစဥ်ကထက် ခက်ခဲခဲ့သည်။
UFC သမိုင်းတစ်လျှောက် ပထမဆုံးသော အာရှတိုက်သားနှစ်ဦးချန်ပီယံလုမှုတွင် ဗန်ကို ဘီလူးဆိုင်းတီးသော ပန်တိုဂျာမှာ ချက်ချင်းရှုံးနိမ့်ခဲ့သည်ကို နမူနာယူခဲ့သော တိုင်ရာက ပွဲအစတွင်ပင် ဗန်ကို ချုပ်နိုင်ခဲ့သဖြင့် ပရိသတ်တို့ ရင်တမမဖြစ်ခဲ့ရသည်။ သို့သော် ပြန်ရုန်းနိုင်သော ဗန်နှင့် တိုင်ရာ ယှဥ်ထိုးရာတွင်မူ တိုင်ရာထိချက်နာသော်လည်း အမှတ်အရမူ သုံးကြိမ်ချုပ်နိုင်သော တိုင်ရာက အမှတ်ရနိုင်သည့် အခြေအနေဖြစ်ခဲ့သည်။
ဒုတိယအချီတွင်မူ ဗန်က တိုင်ရာကို စတန်းဖိုက်တွင် ယှဥ်ထိုးနိုင်ခဲ့သလို ဂရောင်းတွင်ပါ ချုပ်ကွက်ဖြင့် ပွဲပြီးလုနီးနီးဖြစ်ခဲ့သလို စတုတ္ထအချီနှင့် ပဉ္စမအချီများမှာမူ ဗန်၏ ပွဲသာဖြစ်ခဲ့ပြီး သွေးချင်းချင်းနီနေသော တိုင်ရာ ဒိုင်ပွဲရပ် အလဲထိုးဖြင့်သာ ရှုံးနိမ့်ခဲ့ရပြီး အောက်လေတိုက်မှုများကိုပါ အလဲထိုးနိုင်ခဲ့သည်။
