သတိုး
၁၀. ၅. ၂၀၂၆
၁။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၇ ရက်ကကျင်းပတဲ့ UFC 323 ပွဲစဥ်မှာ ဖလိုင်းဝိတ်တန်းမှာ ကာလရှည်မင်းမူနေတဲ့ ပန်တိုဂျာကို မြန်မာပြည်ဖွား ချင်းဖိုက်တာလေး Joshua Van ဟာ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့ပေမဲ့ ဗန်ရဲ့ ခုခံတိုက်စစ်ဟာ မတော်တဆပါဝင်နေတာကြောင့် ပန်တိုဂျာကိုနိုင်ပြီးရရှိထားတဲ့ ချန်ပီယံဆုနဲ့ မထိုက်တန်ပါဘူးလို့ ယူဆနေတဲ့ အမနာပ စကားတွေကိုပါ အလဲထိုးဖို့ ဒီနေ့ကျင်းပတဲ့ UFC 328 ပွဲစဥ်မှာတော့ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ဒီမနက်မှာ ထပ်မံရင်ဆိုင် အနိုင်ယူပြခဲ့ပြီး ကိုယ့်တန်ဖိုးကိုယ် သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
ချန်ပီယံဆု လေးကြိမ်ကာကွယ်ထားနိုင်တဲ့ ပန်တိုဂျာဟာ ပါးစပ်က ဘယ်လောက်ပဲလေးစားမှုရှိပါတယ်ပြောပြော စစ်ဘေးရှောင် ချင်းဖိုက်တာလေးကို အထင်တသေးရှိနေပုံအပြင် ဒီကောင်လောက်ကတော့ ငါဘီလူးဆိုင်းတီးပြပြီး အနိုင်ယူမယ်ပုံစံနဲ့ ပွဲစကတည်းက မိုးသက်မုန်တိုင်းကျသလို ဗန်ကို ထိုးသရော၊ ကန်သရော၊ လှဲချဖို့ကြိုးစားသရောလုပ်ပေမယ့် ဗန်က ရှိန်မနေဘဲ သူ့တိုက်စစ်ဟန့်တားနိုင်ခဲ့သလို ဖြောင့်လက်သီးတစ်လုံးပါ အဆစ်ကျွေးနိုင်ခဲ့တဲ့အပြင် ပန်တိုဂျာ ပြိုင်ဘက်ဖိုက်တာတွေကို အနိုင်ယူနေကြ Head Kick ကိုပါ ဖမ်းတားပြီး မြေပြင်ပေါ် တွန်းလွှတ်ကိုင်ပေါက်ရာမှ ခွေးကျကျသွားတဲ့ ပန်တိုဂျာ ပခုံးအဆစ်လွဲသွားတာပါ။ ပန်တိုဂျာပြုတ်ကျသွားတာကို တစ်စက္ကန့်လောက်တွေဝေနေတဲ့ ဗန်ဟာ တုံ့ဆိုင်းနေလို့မရတာကို သဘောပေါက်ပြီး လဲနေတဲ့ ပန်တိုဂျာကို Ground & Pound ပေါင်းပြီး အလဲထိုးမယ့်အချိန်မှာ ဒဏ်ရာကို လက်နဲ့အုပ်ထားတဲ့ ပန်တိုဂျာက သူမရတော့ကြောင်း အသနားခံအကြည့်နဲ့ ခေါင်းယမ်းပြတာကြောင့် ဗန်က ဆက်မထိုးတော့သလို ဒိုင်က အမှတ်စဥ်ရေပြီးတဲ့အထိ အနာတရဖြစ်နေဆဲ ပန်တိုဂျာ အရေးနိမ့်သွားပြီး ချန်ပီယံဆုကို ဗန့်ထံ လွှဲပြောင်းပေးလိုက်ရပါတော့တယ်။

ချန်ပီယံခါးပတ်ငါးကြိမ်ရထားသူ ပန်တိုဂျာဟာ ခါးသီးတဲ့အရှုံးကြောင့် အမုန်းတရားတွေပွားပြီး ဗန်ရဲ့ ခုခံတိုက်စစ်နဲ့ သန်မာအကွက်မြင်မှုကို သုံးသပ်ဆင်ခြင်နိုင်မှုမရှိတော့ဘဲ ခနိုးခနဲ့ ဆိုကဲ့ရဲ့တာကနေ ဒီနေ့အထိ ဖြစ်လာတာကတော့ အာရှရဲ့ပထမဆုံးဖလိုင်းဝိတ်ချန်ပီယံ ဗန်ကို ချန်ပီယံမဖြစ်ဖူးတဲ့ ဂျပန်က တက်ဆူရိုတိုင်ရာနဲ့ တွဲပေးပြီး ချန်ပီယံကာကွယ်ခိုင်းတဲ့အဆင့်အထိ ဖြစ်လာတာပါ။
၂။
ဘယ်လိုပဲတည်ငြိမ်သွေးအေးပါတယ်ပြောပြော ရှုံးနိမ့်သူတွေရဲ့ အောက်လေတိုက်မှုကို ကျော်ဖြတ်ပြဖို့ဟာ ဗန့်မှာလည်း ဖိအားရှိနေပါတယ်။ ပြီးတော့ ပထမအကြိမ် ပွဲရွှေ့မှုဟာ ဗန့်ရဲ့ ဒူး ဒါမှမဟုတ် ခြေထောက်ဒဏ်ရာလို့ သတင်းထွက်ခဲ့ပြီး ဒီနေ့ပွဲမှာ ဗန်ဟာ ခြေထောက်ကို လုံးဝအကန်မခံခဲ့တာ တွေ့ရတဲ့အပြင် ခြေကန်ချက်လည်း မသုံးသလောက်ကို တွေ့ရပါတယ်။ ဒါဟာ ဘရန်ဒန်ရွိုင်ဗယ်ကို Short Noticed နဲ့ ဝင်ထိုးချိန်က နင်းခြေ၊ တားခြေတွေ လှိုင်လှိုင်သုံးခဲ့တာနဲ့ တွက်ဆမယ်၊ တိုင်ရာက ဗန့်အားနည်းချက် သိထားတယ်လို့ ပြောတာနဲ့ ချိန်ဆမယ်ဆို ဗန် ခြေထောက်မှာ ဒဏ်ရာတစ်ခုခုရှိနေသလား နှိုင်းယှဥ်ယူဆစရာပါ။

ဗန်ဟာ ခြေထောက်ဒဏ်ရာရှိနေတယ်လို့ သတင်းရခဲ့တာကြောင့်လားမသိပေမဲ့ ပထမအချီခြေအတည်ကစလို့ တိုင်ရာကလည်း အောက်ခြေကန်ချက်ထုတ်ပြီး ရှောင်နေတဲ့ဗန်ကို ပွဲအစတင် ဝင်ချုပ်ပါတယ်။ ချန်ပီယံခါးပတ်ကာကွယ်ပွဲလိုနေရာမျိုးမှာ ပွဲအစတင် အချုပ်ခံရတာ အားအရမ်းကုန်ပါတယ်။ ဗန်ဟာ နှစ်မိနစ်နီးပါး ပွဲအစတင်အချုပ်ခံလိုက်ရပေမဲ့ ပြန်ထလာနိုင်ခဲ့ပြီး ပြန်တည်အထိုးမှာတော့ တိုင်ရာ မျက်နှာတွေ အထိုးခံရပြီးချိန်မှာတော့ ဆိုင်ထိုးဖို့ မဖြစ်နိုင်တော့တာသိတဲ့ တိုင်ရာက ထပ်ချုပ်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဗန်က ချက်ချင်းလိုလို ပြန်ရုန်းနိုင်ပြီး စတန်းဖိုက် လိုက်ထိုးပေမဲ့ ချုပ်သိုင်းပိုင်ရင် လုပ်တိုင်းနိုင်မယ်ထင်နေတဲ့ တိုင်ရာက ထပ်ချုပ်ပြန်ပြီး ဗန်ကလည်း ထပ်ဖြည်နိုင်ပြန်ပါတယ်။ ပထမအချီမှာ တိုင်ရာချုပ်တာနဲ့ ဗန်ထိုးတာ ချိန်ဆမယ်ဆိုရင်တော့ ဗန်က အချုပ်ခံရချိန်များခဲ့လို့ တိုင်ရာနည်းနည်းသာပါတယ်။
ဒုတိယအချီမှာ ဗန်ကို ယှဥ်ထိုးတဲ့ တိုင်ရာတွက်ချက်မှုမှားပါတယ်။ သူဝင်ပူးတိုင်း ဗန်ရဲ့ ဘယ်ညာလက်သီးတွဲလုံးတွေ ပင့်လက်သီးတွေ သုံးလေးချက်မက အထိုးခံရသလို ယှဥ်မထိုးနိုင်လို့ ဝင်ပြေးလုံးချိန်မှာလည်း ဒူးတိုက်ချက်တွေမိ၊ လက်သီးချက်တွေမိနဲ့ သွေးချင်းချင်းရဲခဲ့တဲ့အပြင် ဗန်ရဲ့ လက်သီးချက်မိပြီး အကျမှာ Ground & Pound မိပြီး ကြမ်းပေါ်တင် အလဲထိုးခံရလုနီးနီးဖြစ်သွားတဲ့အပြင် Counter Grappling နဲ့ လည်မြိုပါ အချုပ်ခံရပြီး အချုပ်သမား တိုင်ရာ ချုပ်ကွက်နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်မလိုပါ ဖြစ်ခဲ့ရပေမဲ့ ပြန်ရုန်းထသွားလို့ ဗန်ကို စောစောစီးစီးအနိုင်ရစေချင်တဲ့ မြန်မာပရိသတ်တွေ မချင့်မရဲဖြစ်ရပြန်ပါတယ်။

ဒုတိယအချီမှာ ပွဲသိမ်းခံရလုနီးနီးဖြစ်ခဲ့တဲ့ တိုင်ရာက ကြံ့ခိုင်မှုအလွန်ကောင်းနေပြန်ပါတယ်။ တတိယအချီအစမှာ လန်းလန်းဆန်းဆန်းပြန်လာနိုင်ခဲ့ပြီး ဗန့်ကို ယှဥ်ထိုးလိုက်၊ ချုပ်ဖို့ကြိုးစားလိုက် လုပ်ပြနိုင်ပါတယ်။ ဒါပေမဲ့ လက်တံတိုတဲ့ ဗန်ရဲ့ ရှေ့တိုးတိုးထိုးတဲ့ လက်သီးတိုတွေက မျက်နှာကို ဆက်တိုက်ထိနေသလို ချုပ်ပြန်တော့လည်း ဗန်က အောက်ကနေ လက်သီးတွေ ပြန်ထိုးနေပြန်တော့ တိုင်ရာက ယှဥ်ထိုးတော့လည်းမနိုင်၊ အောက်ခြေရောက်ပြန်တော့လည်း ခံရတဲ့အခြေအနေပါ။ ဒီအချီမှာလည်း တိုင်ရာရှုံးပြီထင်ပေမဲ့ သွေးချင်းချင်းရဲနေတဲ့ကြားကကို နောက်တစ်ချီကူးသွားပြန်ပါတယ်။ စတုတ္ထအချီမှာလည်း ပုံစံတူပါပဲ။ တိုင်ရာဟာ သွေးချင်းချင်းရဲနေပြီး ဗန့်ကို ထိထိရောက်ရောက်ကို မလုပ်နိုင်တော့တာပါ။ ထိချက်ထိုးချက်ရာချီမိနေတဲ့ တိုင်ရာက မာဂုဏ်မြင့်လွန်းနေတာကလည်း အံ့ဩစရာဖြစ်ပြီး လက်သီးချက်တွေ ဆက်တိုက်မိနေတဲ့ကြားက မလဲနိုင်လွန်းလို့လည်း မြန်မာပရိသတ်တွေ မချင့်မရဲဖြစ်ရပြန်ပါတယ်။ ပဉ္စမအချီမှာတော့ ဗန်လည်း မောနေပါပြီ။ အထိုးခံနေရတဲ့ တိုင်ရာကလည်း ကျနေပါပြီ။ သူအားထုတ်သမျှတွေက ဘာတစ်ခုမှ မထိရောက်တော့တဲ့အပြင် တိုင်ရာဘယ်လောက်မာမာ သူလည်းလူသားမို့ ဗန်လိုက်ထိုးတာကို မခုခံနိုင်တော့ပါဘူး။ ပွဲပြီးဖို့ နှစ်မိနစ်အလိုမှာ ဘော်ဒီရှော့ပါ တွဲထိုးလာတဲ့ ဗန်က တစ်ပွဲလုံးရဲ့ ရှားရှားပါးပါးကန်ချက်အဖြစ် တိုင်ရာ့ဗိုက်ပါ ခြေဦးထိုးကန်ပြီး လက်သီးတွဲလုံးဆင့်ထိုးချိန်မှာ တိုင်ရာ မခုခံနိုင်တော့တဲ့အပြင် ထွက်ပါပြေးရတဲ့ပုံစံဖြစ်သွားချိန်မှာတော့ ဒိုင်က ပွဲရပ်လိုက်လို့ ဗန်ဟာ တိုင်ရာကို ဒိုင်ပွဲရပ်နဲ့ အလဲထိုး အနိုင်ယူသွားပြီး မြန်မာ့သိက္ခာကို ထပ်ဆင့်မြှင့်တင်ပေးလိုက်ပြန်ပါတယ်။

၃။
ဒီနေ့ပွဲအနိုင်ဟာ မြန်မာနဲ့ ဗန့် ပရိသတ်တွေအတွက် ခမ်းနားလွန်းခဲ့ပါတယ်။ ဗန့်ကို အရေးနိမ့်သွားတဲ့ ပန်တိုဂျာနဲ့ ပရိသတ်တွေ၊ ဗန့်ကို ရှုံးခဲ့တဲ့ ဖိုက်တာတွေ၊ ဂျပန်ပရိသတ်တွေ၊ မြန်မာပြည်ဖွား ဒုက္ခသည်မို့အထင်သေးသူတွေ၊ အောက်ကြေးဖောက်ပေးတဲ့ လောင်းကစားဒိုင်တွေ၊ တိုင်ရာအနိုင်ရပြီး ဂျပန်မှာ တိုင်ရာ့အတွက် ချန်ပီယံကာကွယ်ပွဲလုပ်ပြီး အာရှစျေးကွက်ရှာချင်နေတဲ့ UFC စတဲ့ အခက်အခဲတွေကိုပါ ဗန်ဟာ ယှဥ်ပြိုင်ခဲ့ရတာပါ။ ဗန်ဟာ ချန်ပီယံဆုနဲ့ မထိုက်တန်ဘူး။ ချန်ပီယံအစစ်မဟုတ်ဘူး။ ကံကောင်းလို့ဖြစ်လာတဲ့ ချန်ပီယံဆိုတာတွေနဲ့ ဗိုလ်လုပွဲလာကြည့်တဲ့ ပန်တိုဂျာလည်း မြင်ရပြီး ပွဲအပြီးမှာလည်း ပန်တိုဂျာနဲ့ သူ့ကို ခနိုးခနဲ့ဆိုကဲ့ရဲ့ထားသူတွေကို မကျေပွဲစိန်ခေါ်လည်း ထပ်အနိုင်ယူမယ်ဆိုတာမျိုးပုံစံနဲ့ စိန်ခေါ်ခွင့်ပေးသွားခဲ့ပါသေးတယ်။ သေချာတာကတော့ UFC အဖို့ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေနိုင်တဲ့ ဗန့်ကို ဆက်တိုက် ချန်ပီယံကာကွယ်ပွဲထိုးခိုင်းတာထက် ပန်တိုဂျာနဲ့ မာနယ်ကိပ်လို ဒါမှမဟုတ် ချန်ပီယံလက်စလက်နပြနိုင်သူနှစ်ဦးကို ကြားဖြတ်ချန်ပီယံသဘောမျိုးထိုးခိုင်းပြီးမှ နိုင်သူက ဗန့်ကို စိန်ခေါ်ခွင့်ရတဲ့ပုံစံမျိုး စီစဥ်မဲ့အခြေအနေပါ။
ဒီနေ့ရဲ့ ဗန်ဟာ ပြီးပြည့်စုံလှတဲ့ Takedown Defense၊ ကောင်းမွန်လွန်းတဲ့ ချန်ပီယံ့ ချန်ပီယံ Boxing Skill တွေအပြင် ချုပ်ကွက်နဲ့ပါ အနိုင်ရနိုင်တဲ့ “Grappler” ဒါမှမဟုတ် “Submission Specialist” အသွင်တွေကိုပါ တစ်ပြိုင်နက် ပြလိုက်နိုင်ပြီး ကမ္ဘာကို ငါဟာ ချန်ပီယံအစစ်လို့ ဝံ့ကြွားပြလိုက်တာပါ။ ဒီဝံ့ကြွားမှုဟာ ဗန့်ကို အောက်လေတိုက်နေသူတွေ ပါးစပ်ပိတ်နိုင်ခဲ့သလို ဂျပန်ဖိုက်တာ ရေးစူရူယာကို အနိုင်ယူသွားလို့ တိုင်ရာနဲ့ အနိုင်ယူပြပြီး ချန်ပီယံအဖြစ်နဲ့ ရှုံးကြွေးဆပ်ချင်နေတဲ့ ဂျပန်ပရိသတ်တွေ အဖို့လည်း ရှုံးကြွေးထပ်တင်ပြီး နောက်တစ်ကြိမ်စိန်ခေါ်ခွင့်တောင် မသေချာတဲ့အခြေအနေကို ဆိုက်ရောက်သွားစေခဲ့ပါတယ်။

ဒီနေ့ရဲ့ မြန်မာ့နဲ့ ကမ္ဘာ့လူမှုကွန်ရက်ဟာ မြန်မာ့အလံကြီးကို တစ်ချိန်လုံးလွယ်ပိုးပြီး ချန်ပီယံအစစ်နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တဲ့ အမေရိကန်ရောက် မြန်မာဒုက္ခသည် ချင်းနွယ်ဖွားလေး အကြောက်တရားမဲ့ Joshua Van ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ အကြွင်းမဲ့ချန်ပီယံအစစ်ဖြစ်ကြောင်း သက်သေခံနေသလို ဒီအောင်မြင်မှုတွေကြောင့် စစ်မီးကြောင့် နွမ်းပူနေတဲ့ မြန်မာနိုင်ငံသားတွေအဖို့ ဂုဏ်ယူပျော်ရွှင်စရာနေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်လိုက်ရပြီဖြစ်ပါတယ်။
