သက်တံ့
၅.၅.၂၀၂၆
ဩစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ် (New South Wales)၊ ဘလီနာ (Ballina) ကမ်းလွန်တွင် ကယ်ဆယ်ရေးစက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် ရေကြောင်းစေတနာ့ဝန်ထမ်း နှစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ (မေ ၄ ရက်) ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အန္တရာယ်ရှိလှသည်ဟု နာမည်ကျော်သည့် ဘလီနာ သဲသောင်ခုံအနီးတွင် ဒုက္ခရောက်နေသော ရွက်လှေတစ်စီးကို သွားရောက်ကူညီရန် ကြိုးပမ်းစဉ် Marine Rescue NSW အဖွဲ့ပိုင် စက်လှေတစ်စီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ စေတနာ့ဝန်ထမ်းနှစ်ဦးမှာ အသက် ၇၈ နှစ်နှင့် ၆၂ နှစ်အရွယ်များ ဖြစ်ကြပြီး၊ အသက် ၅၀ ကျော်အရွယ် တတိယမြောက် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း အနီးနားတွင် တွေ့ရှိခဲ့သည်။ ၎င်းသည် အသက်ကယ်ဝတ်စုံ ဝတ်ဆင်ထားခြင်း မရှိကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့သည် လှိုင်းအမြင့် ၂ ဒသမ ၅ မီတာခန့်ရှိသော “အလွန်ပြင်းထန်သည့် အခြေအနေ” အတွင်း ထွက်ခွာခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့သော အခြေအနေမျိုးအတွက် အထူးထုတ်လုပ်ထားသည့် ၎င်းတို့၏ စက်လှေမှာ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ဒုက္ခရောက်နေသည့် ရွက်လှေသည် မနစ်မြုပ်မီ ဩစတေးလျတွင် အန္တရာယ်အရှိဆုံး ရေကြောင်းလမ်းကြောင်းများမှ တစ်ခု အဖြစ် သတ်မှတ်ခံထားရသည့် ရစ်ချ်မွန်မြစ် (Richmond River) ၏ မြစ်ဝရှိ ဘလီနာသောင်ခုံနှင့် လှိုင်းကာနံရံအနီးသို့ မည်သို့ရောက်ရှိလာသည်ကိုလည်း စစ်ဆေးလျက်ရှိသည်။
Ref : independent
