


သက်တံ့
၅. ၅. ၂၀၂၆
ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုကာ သီလရှင်ဝတ်စုံဖြင့် စင်ပေါ်တက် အလှပြိုင်သည့် တာချီလိတ်အလှမယ် အိမွန်လွင်နှင့် Miss Grand Myanmar တာဝန်ရှိသူများကို အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနကို ယနေ့တွင် ညှိနှိုင်း မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရသည်။
“Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ် အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆ ရက်နေ့တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်”ဟု သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် အိမွန်လွင်က အလှပြိုင်သည့်စင်မြင့်ထက် ကတုံးအတု၊ သီလရှင်ဝတ်စုံဖြင့်၊ ခွက်တစ်လုံးကိုကိုင်ကာ အိန္ဒြေသိက္ခာမဲ့သည့်အသွင်ဖြင့် လှုပ်ယမ်း၍ အလှူခံသည့်ပုံရိပ်မှာ ဗုဒ္ဓဘာသာဝင်တို့အဖို့ အမြင်မသင့်စရာဖြစ်ခဲ့သဖြင့် ဝိုင်းဝန်းဝေဖန်ရှုတ်ချခဲ့ကြသလို တာချီလိတ်အလှမယ် အိမွန်လွင်၏ ထိုလုပ်ရပ်အပေါ် အရေးယူပေးရန် လူမှုကွန်ရက်တွင် ဝိုင်းဝန်းတောင်းဆိုကြမှုအပြင် ဦးဆောင်ကျင်းပသည့်အဖွဲ့အစည်းကိုလည်း ထိရောက်စွာအရေးယူရန်လိုကြောင်း တောင်းဆိုခဲ့ကြပြီးနောက် သာသနာရေးဝန်ကြီးဌာနက ယခုကဲ့သို့ အရေးယူဆောင်ရွက်လာခြင်းဖြစ်သည်။
အိန္ဒြေသိက္ခာမဲ့သည့်အသွင်ဖြင့် စင်မြင့်ထက်တွင် သီလရှင်ဝတ်စုံဝတ်ကာ ဝင်ရောက်ယှဥ်ပြိုင်သည့် တာချီလိတ်အလှမယ် အိမွန်လွင်ကို ထုတ်ပယ်သည်ဟု Miss Grand Myanmar က ယနေ့ ကြေညာလာသလို တာချီလိတ်အလှမယ်၏ ထိုလုပ်ရပ်မှာ ဗုဒ္ဓဘာသာကို မထီမဲ့မြင့်ပြုမှုဟုပါ ဝန်ခံစာကိုလည်း Miss Grand Myanmar က ယနေ့ ထုတ်ပြန်ခဲ့သည်။
