၅.၅.၂၀၂၆
Written by Linn Eain
စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင်တော့မည်ဖြစ်၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှု များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် မေ ၄ ရက်ကပြုလုပ်ခဲ့သည့် “အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG) များကို ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေးနေပြီး ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့်အပြင် အာဆီယံနိုင်ငံများထဲတွင် အချိုသာဆုံးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က “စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရေး မျှောစာထုတ်ပေးရာတွင် Application ရေးဆွဲပြီး QR Code စနစ် အသုံးပြုနိုင်ပြီဖြစ်သဖြင့် စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်စေပြီး ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်စေလျက်ရှိခြင်းတို့ ပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင်တော့မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှု များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း” အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြစ်တွင်းသွားရေယာဉ်များအတွက် စက်သုံးဆီဖြန့်ဖြူးပေးရန် စံလုပ်ထုံးလုပ်နည်းများရေးဆွဲပြီးဖြစ်၍ မကြာမီ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအလိုက် စက်သုံးဆီအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေသကဲ့သို့ မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းစဉ်များသည် တည်ငြိမ်လာခဲ့ပြီး ဈေးနှုန်းများကို မျှတစွာစီမံဆောင်ရွက်ပေးနိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
CNG သုံး Taxi ယာဉ်များကို သုံးစွဲခြင်းဖြင့် လောင်စာဆီကုန်ကျမှုမှာ သက်သာမှုရှိသည့်အတွက် CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ YBS ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စက်သုံးဆီသုံးစွဲမှုစနစ်အား ကြပ်မတ်ထိန်းကျောင်းပေးနေမှု၊ မလိုလားအပ်သော နေရာများသို့ စက်သုံးဆီများ ရောက်ရှိမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) နှင့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီတို့မှ တာဝန်ရှိသူများက အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်သွားမည့်အခြေအနေကိုလည်းကောင်း၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း၊ ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချမှုအခြေအနေကို ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
