သက်တံ့
၅.၅. ၂၀၂၆
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့လယ်ရှိ အမေရိကန်သမ္မတ၏ရုံးဖြစ်သည့် အိမ်ဖြူတော်အနီးတွင် ယမန်နေ့ (မေလ ၄ ရက်) က သေနတ်ကိုင်ဆောင်ထားသော သံသယရှိသူတစ်ဦးကို လျှို့ဝှက်လုံခြုံရေးဝန်ဆောင်မှုတပ်ဖွဲ့ (Secret Service) မှ အေးဂျင့်များက ပစ်ခတ်ဖမ်းဆီးခဲ့ရသလို အိမ်ဖြူတော်ကိုလည်း ခေတ္တပိတ်ဆို့ (Lockdown) ထားခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါပစ်ခတ်မှုသည် ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင် (Washington Monument) အနီးရှိ ၁၅ လမ်းနှင့် Independence Avenue လမ်းဆုံတွင် ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်သည် ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ၏ ယာဉ်တန်း ထိုနေရာမှ ဖြတ်သန်းသွားပြီး မကြာမီမှာပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း လျှို့ဝှက်လုံခြုံရေးဝန်ဆောင်မှုတပ်ဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး မက်သရူးကွင်းက အတည်ပြုပြောကြားခဲ့သည်။

လုံခြုံရေးအေးဂျင့်များသည် သံသယဖြစ်ဖွယ်ကောင်းသော လူတစ်ဦးတွင် လက်နက်ပါရှိနေသည်ကို စတင်သတိပြုမိခဲ့ခြင်းဖြစ်သည်။ အဆိုပါလူကို အရာရှိများက ချဉ်းကပ်စစ်ဆေးရန် ကြိုးပမ်းစဉ် ၎င်းက ခြေလျင်ထွက်ပြေးခဲ့ပြီး သေနတ်ထုတ်ကာ စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လုံခြုံရေးအေးဂျင့်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ သံသယရှိသူမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်။ ၎င်း၏ အခြေအနေနှင့် မည်သူမည်ဝါဖြစ်သည်ကိုမူ ချက်ချင်းမသိရှိရသေးပေ။
ယင်းပစ်ခတ်မှုအတွင်း အနီးအနားရှိ အရပ်သားတစ်ဦး (လူငယ်တစ်ဦး) မှာလည်း အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် ဒုသမ္မတကို ပစ်မှတ်ထားခြင်းဟု မယူဆကြောင်း ကွင်းက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းသည် မကြာသေးမီက သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကို လုပ်ကြံရန် ကြိုးပမ်းမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိကိုမူ အလျင်စလို ကောက်ချက်မချနိုင်သေးကြောင်း ၎င်းက သတင်းထောက်များကို ပြောသည်။
”ဒါဟာ သမ္မတကို ဦးတည်တာလား၊ မဟုတ်ဘူးလားဆိုတာ ကျွန်တော် မှန်းဆပြောမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို စုံစမ်းဖော်ထုတ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် အိမ်ဖြူတော်ကို အရေးပေါ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အခြေအနေကို ထိန်းချုပ်နိုင်ပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်ပတ်ကျော် (ဧပြီ ၂၅ ရက်) ကလည်း ဝါရှင်တန်ဒီစီရှိ Washington Hilton ဟိုတယ်၌ ကျင်းပသည့် အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ၏ နှစ်ပတ်လည်ညစာစားပွဲသို့ သမ္မတ ထရမ့်ပ် တက်ရောက်နေစဉ် လုံခြုံရေးစည်းကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် ကိုးလ် အယ်လန် (Cole Allen) အမည်ရှိ အမျိုးသားတစ်ဦးကို သမ္မတအား လုပ်ကြံရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသည့် ဖြစ်စဉ်ရှိခဲ့သည်။ ထိုဟိုတယ်သည် ၁၉၈၁ ခုနှစ်က သမ္မတဟောင်း ရော်နယ်လ် ရေဂင် လုပ်ကြံခံရမှု ဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်သည်။
Ref: France 24, AFP, The Washington Post

