၅.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုမှာ မေလ ၄ ရက်၊ ဒေသစံတော်ချိန် ၁၆း၄၀ နာရီ (၀၈:၄၀ နာရီ GMT)က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဟွာရှင်းမီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုက ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်က လျူယန်မြို့မှာ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက စက်ရုံရဲ့ သုံးကီလိုမီတာ (၁ ဒသမ ၉ မိုင်) ပတ်ပတ်လည်အတွင်းရှိ လူတိုင်းကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။


အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ ဒဏ်ရာရရှိသူတွေကို ကုသဖို့ ဝန်ထမ်း ၅၀၀ နီးပါးကို စေလွှတ်ခဲ့ပြီး အဆောက်အအုံအတွင်း ပိတ်မိနေသူတွေကို ရှာဖွေဖို့ စက်ရုပ်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။
ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်တွေက မီးရှူးမီးပန်းကုမ္ပဏီရဲ့ တာဝန်ခံအနေနဲ့ ထိန်းချုပ်မှုအစီအမံတွေကို လုပ်ဆောင်ခဲ့တာ ရှိ၊မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း စက်ရုံဧရိယာဝင်းထဲရှိ ယမ်းမှုန့်ဂိုဒေါင်နှစ်ခုဟာ ဘေးအန္တရာယ်များတာတွေ့ခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း ဒုတိယအကြိမ် မတော်တဆမှုတွေ မဖြစ်ပွားစေဖို့ ဧရိယာကို စိုထိုင်းဆ တိုးစေခြင်းလို အစီအမံတွေကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
ပေါက်ကွဲမှုရဲ့ သက်ရောက်မှုက အလွန်ပြင်းထန်လို့ စက်ရုံအနီးရှိ လူနေအဆောက်အအုံတစ်လုံးရဲ့ ပြတင်းပေါက်တွေဆို ကွဲကြေသွားကြောင်း CCTV သတင်းထောက်တစ်ဦးက အခင်းဖြစ်ပွားရာနေရာမှ ရုပ်မြင်သံကြားထုတ်လွှင့်ရာမှာ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူများ၏ အသက်အရွယ်မှာ ၂၀ မှ ၆၀ နှစ်အတွင်းဖြစ်ပြီး အချို့မှာ လွင့်စင်လာတဲ့ အပျက်အစီး အပိုင်းအစတွေကြောင့် အရိုးထိခိုက်မှု တွေရရှိခဲ့တယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတ ရှီကျင့်ဖိန်က ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့အတွက် မတော်တဆမှုကို စုံစမ်းစစ်ဆေးရေးကိုလည်း ရှီက တောင်းဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လျူယန်မြို့က မီးရှူးမီးပန်းထုတ်လုပ်ရာမှာ လူသိများပြီး ကမ္ဘာ့အကြီးဆုံး မီးရှူးမီးပန်းထုတ်လုပ်သူအဖြစ် သတင်းတွေမှာ ဖော်ပြခံရပါတယ်။
မီးရှူးမီးပန်းစက်ရုံတွေနဲ့ ဆိုင်တွေမှာ ပေါက်ကွဲမှုတွေက တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ မကြာခဏ အသက်ဆုံးရှုံးရလေ့ရှိတဲ့ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ရပ်တစ်ခုပါပဲ။ ဖေဖော်ဝါရီလကလည်း ဟူဘေး ပြည်နယ်ရှိ မီးရှူးမီးပန်းဆိုင်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်လို့ လူ ၁၂ ဦး သေဆုံးခဲ့ရပါသေးတယ်။
Ref-BBC
