◾ တာချီလိတ်အလှမယ်၏လုပ်ရပ်မှာ ဗုဒ္ဓဘာသာကို မထီမဲ့မြင့်ပြုမှုဟုပါ ဝန်ခံ
သက်တံ့
၅. ၅. ၂၀၂၆
အိန္ဒြေသိက္ခာမဲ့သည့်အသွင်ဖြင့် စင်မြင့်ထက်တွင် သီလရှင်ဝတ်စုံဝတ်ကာ ဝင်ရောက်ယှဥ်ပြိုင်သည့် တာချီလိတ်အလှမယ် အိမွန်လွင်ကို ထုတ်ပယ်သည်ဟု Miss Grand Myanmar က ယနေ့ ကြေညာလာသလို တာချီလိတ်အလှမယ်၏ ထိုလုပ်ရပ်မှာ ဗုဒ္ဓဘာသာကို မထီမဲ့မြင့်ပြုမှုဟုပါ ဝန်ခံလိုက်သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် အိမွန်လွင်က အလှပြိုင်သည့်စင်မြင့်ထက် ကတုံးအတု၊ သီလရှင်ဝတ်စုံဖြင့်၊ ခွက်တစ်လုံးကိုကိုင်ကာ အိန္ဒြေသိက္ခာမဲ့သည့်အသွင်ဖြင့် လှုပ်ယမ်း၍ အလှူခံသည့်ပုံရိပ်မှာ ဗုဒ္ဓဘာသာဝင်တို့အဖို့ အမြင်မသင့်စရာဖြစ်ခဲ့သဖြင့် ဝိုင်းဝန်းဝေဖန်ရှုတ်ချမှုကြောင့် Miss Grand Myanmar က အိမွန်လွင်ကို ထုတ်ပယ် တောင်းပန်လာခြင်းဖြစ်သည်။
Miss Grand Myanmar ၏ ထုတ်ပြန်ချက်တွင် အိမွန်လွင်၏ လုပ်ရပ်သည် Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ Performance ကြိုတင် ပြသထားခြင်း မရှိကြောင်း၊ မည်သည့် Supervisor. Admin တာဝန်ရှိသူများကိုမှ ထိုအစီအစဉ်အား အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင်အကြောင်းကြားထားမှု မရှိကြောင်း၊ စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခဲ့ကြောင်း၊ မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဖြစ်ပေါ်သွားခြင်းအတွက် MGM Organization မှ ထပ်မံ အနူးအညွတ် တောင်းပန်ပါကြောင်းနှင့် နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်စေရတော့ကြောင်း အာမခံထားသည်။
တာချီလိတ်အလှမယ် အိမွန်လွင်၏ ထိုလုပ်ရပ်အပေါ် အရေးယူပေးရန် လူမှုကွန်ရက်တွင် ဝိုင်းဝန်းတောင်းဆိုနေသလို ဦးဆောင်ကျင်းပသည့်အဖွဲ့အစည်းကိုလည်း ထိရောက်စွာအရေးယူရန်လိုကြောင်း မှတ်ချက်ပြုမှုများလည်း တွေ့ရသည်။
ပုံစာ။ တာချီလိတ်အလှမယ် အိမွန်လွင်၏ အပြုအမူနှင့် ဝေဖန်မှုများ တွေ့ရစဥ် (Photo & Movie Credit)



