သတိုး
၅. ၅. ၂၀၂၆
ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် ၎င်းတို့၏ ၄ နှစ်ကြာ စစ်ပွဲအတွင်း တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးများကို ယမန်နေ့က အပြိုင်အဆိုင် ကြေညာခဲ့ကြသည်။
ရုရှားနိုင်ငံက ၎င်းတို့၏ အပစ်အခတ်ရပ်စဲရေးကို မေလ ၈ ရက်မှ ၉ ရက်အထိ သတ်မှတ်ကြောင်း တနင်္လာနေ့ (မေ ၄ ရက်) တွင် ကြေညာခဲ့သည်။ ထိုရက်သည် ရုရှားနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ကာလ နာဇီဂျာမနီကို အောင်နိုင်သည့် “မဟာမျိုးချစ်စစ်ပွဲ” အောင်ပွဲနေ့အဖြစ် မော်စကိုမြို့၌ ကြီးကျယ်သော စစ်ရေးပြအခမ်းအနားဖြင့် ရိုးရာမပျက် ကျင်းပလေ့ရှိသည့် ရက်ဖြစ်သည်။ ကိယက်ဗ် (ယူကရိန်း) ကမူ ယင်းတို့၏ ကိုယ်ပိုင်အပစ်အခတ်ရပ်စဲရေးကို မေလ ၅ ရက်မှ ၆ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
”ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ အဆင့်မြင့်ဆုံး စစ်သေနာပတိချုပ် ဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်မှ ၉ ရက်အထိ အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်သည်။ ယူကရိန်းဘက်ကလည်း ထိုအတိုင်း လိုက်နာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစိုးရထောက်ခံသော MAX မက်ဆေ့ဂျ်အက်ပ်တွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ ရုရှားထံမှ မည်သည့်တရားဝင် အသိပေးချက်မျှ မရရှိသေးကြောင်းနှင့် ယူကရိန်းအနေဖြင့် သီးခြားစီစဉ်ထားသော အပစ်အခတ်ရပ်စဲရေးကို မေလ ၅ ရက် အင်္ဂါနေ့ သန်းခေါင်ယံအချိန်မှ စတင်ကာ လိုက်နာသွားမည်ဖြစ်ကြောင်း မကြာမီမှာပင် တုံ့ပြန်ပြောကြားခဲ့သည်။
”ရုရှားလူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောနေတဲ့ တိုက်ပွဲများရပ်စဲရေး ပုံစံနဲ့ပတ်သက်ပြီး ဒီနေ့အထိ ယူကရိန်းထံ ဘာတရားဝင် ကမ်းလှမ်းချက်မှ မရှိသေးပါဘူး” ဟု ဇလန်းစကီးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
”ဒါကြောင့် ကျွန်တော်တို့က မေလ ၅ ရက်နဲ့ ၆ ရက်ကြား သန်းခေါင်ယံ (GMT ၂၁၀၀ နာရီ) ကစပြီး အပစ်အခတ်ရပ်စဲရေးကို ကြေညာပါတယ်။ အဲဒီအချိန်မတိုင်ခင် ကျန်ရှိတဲ့အချိန်အတွင်းမှာ တကယ်တမ်း တိတ်ဆိတ်သွားဖို့ (တိုက်ပွဲရပ်ဖို့) လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတက ဆက်လက်ပြောကြားရာတွင် “လူသားတစ်ဦးရဲ့ အသက်ဟာ ဘယ်လို နှစ်ပတ်လည် ‘အောင်ပွဲခံပွဲ’ နဲ့မဆို နှိုင်းယှဉ်လို့မရအောင် ပိုတန်ဖိုးရှိပါတယ်” ဟု ဆိုကာ “ရုရှားခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့စစ်ပွဲကို အဆုံးသတ်ဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို လှမ်းရမယ့်အချိန် ရောက်နေပါပြီ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား ဘေးကင်းလုံခြုံစေရန်အတွက် စစ်တပ်အနေဖြင့် လိုအပ်သော အစီအမံအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့ ကြေညာထားသော အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ယူကရိန်းဘက်က တိုက်ခိုက်မှုများ မလုပ်ရန် သတိပေးချက်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
”အကယ်၍ ကိယက်ဗ်အစိုးရဟာ ၈၁ ကြိမ်မြောက် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့ အခမ်းအနားကို နှောင့်ယှက်ဖို့ ရာဇဝတ်မှုမြောက်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်မယ်ဆိုရင် ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ကိယက်ဗ်မြို့လယ်ခေါင်ကို ကြီးမားတဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ခြိမ်းခြောက်ခဲ့သလို ”ကိယက်ဗ်မြို့မှာရှိတဲ့ အရပ်သား ပြည်သူတွေနဲ့ နိုင်ငံခြား သံတမန်အဖွဲ့အစည်းက ဝန်ထမ်းတွေအနေနဲ့ မြို့ကနေ ချက်ချင်း ထွက်ခွာသွားကြဖို့ ကျွန်ုပ်တို့ သတိပေးပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားက ဤအပစ်အခတ်ရပ်စဲရေးကို အောင်ပွဲနေ့ နှစ်ပတ်လည်အတွင်း ယူကရိန်း၏ တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုအပေါ် ကြိုတင်ကာကွယ်သည့် အစီအမံတစ်ခုအဖြစ် ခေါ်ဆိုခဲ့သည်။
ဇလန်းစကီးကမူ တနင်္လာနေ့ အစောပိုင်းတွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်က ရုရှားအနေဖြင့် စစ်ရေးပြအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများ ထုတ်ဖော်မပြသရန် ဆုံးဖြတ်ခြင်းမှာ ယူကရိန်း၏ ဒရုန်းများကို ကြောက်ရွံ့သောကြောင့် ဖြစ်ကြောင်းနှင့် ယင်းသည် မော်စကို၏ အားနည်းလာမှုကို သက်သေပြနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
”ဒီနွေရာသီဟာ (ရုရှားသမ္မတ) ပူတင်အနေနဲ့ ရှေ့ဆက်ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါလိမ့်မယ်။ စစ်ပွဲကို ချဲ့ထွင်မလား ဒါမှမဟုတ် သံတမန်နည်းလမ်းကို ကူးပြောင်းမလားဆိုတာပါ။ ကျွန်တော်တို့က သူ့ကို သံတမန်နည်းလမ်းဆီ ရောက်သွားအောင် တွန်းပို့ရပါမယ်” ဟု ဇလန်းစကီးက ယေရေဗန် (Yerevan) မြို့ရှိ ဥရောပနိုင်ငံရေးအသိုက်အဝန်း (EPC) အစည်းအဝေးတွင် ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့သည်။
”ရုရှားက မေလ ၉ ရက် မော်စကို စစ်ရေးပြအခမ်းအနားကို စစ်လက်နက်ကိရိယာတွေ မပါဘဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်” ဟု ဇလန်းစကီးက ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုခဲ့သည်။
”တကယ်လို့ အဲဒီအတိုင်း ဖြစ်လာမယ်ဆိုရင် ဒါဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်။ သူတို့မှာ စစ်လက်နက်ကိရိယာတွေ ပြသဖို့ မတတ်နိုင်တော့ဘူး။ ပြီးတော့ ရင်ပြင်နီ (Red Square) ပေါ်မှာ ဒရုန်းတွေ ပျံဝဲလာမှာကိုလည်း သူတို့ ကြောက်နေကြတယ်။ ဒါဟာ အများကြီး သက်ရောက်မှုရှိပါတယ်။ အခုချိန်မှာ သူတို့ အင်အားမကောင်းတော့ဘူးဆိုတာကို ပြနေတာပါ” ဟု ဇလန်းစကီးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလက အော်သိုဒေါ့စ် အီစတာပွဲတော် (Orthodox Easter) အတွက် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ပူတင်က ကြေညာခဲ့ဖူးပြီး ယူကရိန်းဘက်ကလည်း လိုက်နာမည်ဖြစ်ကြောင်း ဇလန်းစကီးက အတည်ပြုခဲ့သည်။ သို့သော် တိုက်ပွဲများ ပြန်လည်စတင်လာချိန်တွင် နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ရုရှား၏ ယူကရိန်းကျူးကျော်စစ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် သွေးထွက်သံယိုအများဆုံး ပဋိပက္ခဖြစ်လာခဲ့ပြီး လူပေါင်းသိန်းချီ သေဆုံးကာ သန်းနှင့်ချီသော ပြည်သူများ နေရပ်စွန့်ခွာခဲ့ကြရသည်။
Ref: Al Jazeera
