◾ ဖြစ်စဥ်ဖြစ်ပွားသည့်နေရာသည် အမေရိကန်သမ္မတ ရော်နယ်ရေဂန် လုပ်ကြံခံရသည့်နေရာဖြစ်သလို စင်ပေါ်က ဆင်းပြေးခဲ့ရသော်လည်း ထရမ့်ပ်က ထိုဖြစ်ရပ်သည် မိမိ၏လုပ်ငန်းစဥ်များကို တားဆီးနိုင်မည်မဟုတ်ဟု ကြုံးဝါး





၂၆. ၄. ၂၀၂၆
သက်တံ့၊ ထွေးကိုထွန်း
ဝါရှင်တန်ဒီစီရှိ Washington Hilton ဟိုတယ်၌ ယမန်နေ့ညက ကျင်းပသည့် အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ၏ နှစ်ပတ်လည်ညစာစားပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်နှင့် အစိုးရအဖွဲ့ဝင်များကို စင်ပေါ်မှ အရေးပေါ်ကယ်တင် ရွှေ့ပြောင်းပေးခဲ့ရသော်လည်း သမ္မတမှာ ထိခိုက်မှုမရှိဘဲ ဘေးကင်းကြောင်းနှင့် သံသယရှိသူကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်မှာ ဝါရှင်တန် ဟီလ်တန်ဟိုတယ်ရှိ ခန်းမအတွင်း ည ၈ နာရီခွဲခန့်တွင် အမေရိကန်အစိုးရအဖွဲ့ရုံးစိုက်ရာ အိမ်ဖြူတော်၌ သတင်းယူခွင့်ရှိသော WHCA ၏ အခမ်းအနားစတင်ပြီး မကြာမီ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သမ္မတထရမ့်ပ်၊ သမ္မတကတော် မီလန်နီယာထရမ့်ပ်နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့မှာ စင်မြင့်ပေါ်တွင် ထိုင်နေကြစဉ်ဖြစ်ပြီး လုံခြုံရေးအဖွဲ့ (Secret Service) က ၎င်းတို့အား အမြန်ဆုံးဘေးလွတ်ရာသို့ ကယ်တင် ခေါ်ဆောင်သွားခဲ့သည်။ ခန်းမအတွင်းရှိ သတင်းထောက်များနှင့် ဧည့်သည်တော်များမှာလည်း ထိတ်လန့်တကြားဖြစ်ကာ စားပွဲများအောက်တွင် ဝပ်နေခဲ့ကြရသည်။
သံသယရှိသူသည် ခန်းမအဝင်ဝသို့ ပြေးဝင်ရန် ကြိုးပမ်းစဉ် လုံခြုံရေးအရာရှိတစ်ဦးအား ပစ်ခတ်ခဲ့ရာ အဆိုပါအရာရှိ၏ ကျည်ကာအင်္ကျီကို ထိမှန်ခဲ့သည်။ သမ္မတထရမ့်ပ်၏ နောက်ပိုင်းသတင်းစာရှင်းလင်းပွဲ ပြောကြားချက်အရ အဆိုပါအရာရှိမှာ ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်၊ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ အပါအဝင် အဆင့်မြင့်အစိုးရအဖွဲ့ဝင်များစွာ တက်ရောက်နေကြပြီး ၎င်းတို့ကိုလည်း လုံခြုံစွာ ရွှေ့ပြောင်းပေးခဲ့သည်။ အဆိုပါ ညစာစားပွဲကို ည ၉ နာရီ မိနစ် ၄၀ ခန့်တွင် လုံခြုံရေးအရ ပွဲရပ်နားလိုက်သော်လည်း သမ္မတထရမ့်ပ်က နောက်ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကျင်းပသွားမည်ဟု ကတိပေးခဲ့သည်။
ဖမ်းဆီးရမိထားသော တရားခံမှာ အသက် (၃၁) နှစ်အရွယ်ရှိ ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ် (Torrance) မြို့မှ ကိုးလ် တောမတ် အယ်လန် (Cole Tomas Allen) ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
ဖမ်းဆီးစဉ် ၎င်း၏လက်ဝယ်၌ Shotgun (ပြောင်းချောသေနတ်) တစ်လက်၊ Handgun (လက်ကိုင်သေနတ်) တစ်လက်နှင့် ဓားအမြောက်အမြားကို တွေ့ရှိခဲ့ရသည်။
တရားခံမှာ အဆိုပါ ဝါရှင်တန် ဟီလ်တန်ဟိုတယ်၌ပင် ဧည့်သည်အဖြစ် စာရင်းသွင်းတည်းခိုနေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထို့ကြောင့် ၎င်းသည် ဟိုတယ်အတွင်းသို့ လက်နက်များဖြင့် မည်သို့ဝင်ရောက်လာနိုင်သည်ကို လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်အဖြစ် မေးခွန်းထုတ်မှုများ ရှိနေသည်။
လက်ရှိတွင် ၎င်းအား အကြမ်းဖက်မှု၌ သေနတ်အသုံးပြုမှု (၂) မှုနှင့် အစိုးရအရာရှိအား အန္တရာယ်ရှိသော လက်နက်ဖြင့် တိုက်ခိုက်မှု (၁) မှုတို့ဖြင့် စွဲချက်တင်ထားပြီး လာမည့်တနင်္လာနေ့တွင် တရားရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။ တရားခံ၏ နာမည်နှင့် ဓာတ်ပုံ ကိုက်ညီသည့် LinkedIn profile တွင်မူ အလုပ်အကိုင်အဖြစ် စာမေးပွဲပြင်ဆင်မှုနှင့် ကျူရှင်ကုမ္ပဏီ C2 Education ၌ အချိန်ပိုင်းဆရာအဖြစ် ဖော်ပြထားသည်။
သမ္မတထရမ့်ပ်က တရားခံအား “အလွန်စိတ်မနှံ့သူတစ်ဦး” ဟု သုံးနှုန်းပြောကြားခဲ့ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိဘဲ တစ်ဦးတည်း လှုပ်ရှားသူ (Lone Wolf) ဖြစ်နိုင်ခြေများသည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ ၎င်း၏ ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ရသည့် ရည်ရွယ်ချက် (Motive) ကိုမူ အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ယခုဖြစ်ရပ် ဖြစ်ပွားခဲ့သည့် Washington Hilton ဟိုတယ်သည် ၁၉၈၁ ခုနှစ်က သမ္မတဟောင်း ရော်နယ်လ် ရေဂင် လုပ်ကြံခံရမှု ဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။
သမ္မတထရမ့်ပ်က ယခုဖြစ်ရပ်သည် မိမိ၏ လုပ်ငန်းစဉ်များကို တားဆီးနိုင်မည်မဟုတ်ကြောင်းနှင့် ဖျက်သိမ်းလိုက်ရသည့် ညစာစားပွဲကို လာမည့် ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: Financial Times & CNN
