
၂၅. ၄. ၂၀၂၆
Written by Nyein Kyaw
ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ စုံလင်စွာတည်ရှိသည့် မန္တလေးမြို့ကို အကျိုးရှိစွာအသုံးချပြီး မြန်မာနိုင်ငံကို သွားလာ လည်ပတ်စရာကောင်းမွန်သည့် ခရီးစဉ်ဒေသကြီးတစ်ခုအဖြစ် ကမ္ဘာသိအောင် ဆောင်ရွက်ရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် မန္တလေးမြို့တွင် တွေ့ဆုံစဉ် မှာကြားသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးတို့ကို တစ်ပြိုင်တည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည့်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ခရီးသွားများကို မိမိတို့ဒေသခံရိုးရာဓလေ့များ၊ ရိုးရာအနုပညာရပ်များ၊ သမိုင်းဝင်နေရာများနှင့် ပိုမိုထိရောက်စွာ မိတ်ဆက်ပေးနိုင်မည့်အပြင် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ ဝင်ငွေကိုလည်း တိုးတက်ရရှိစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ စုံလင်စွာတည်ရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်း (Cultural Tourism) ဖော်ဆောင်ရန် အထူးကောင်းမွန်သည့် ခရီးစဉ်ဒေသကြီး တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါအခြေအနေကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ အားလုံးသည် အကျိုးရှိထိရောက်စွာ အသုံးချပြီး မြန်မာနိုင်ငံကို သွားလာလည်ပတ်စရာ ကောင်းမွန်သည့် ခရီးစဉ်ဒေသကြီးတစ်ခုအဖြစ် ကမ္ဘာကသိအောင် Promotion and marketing ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
