
၂၅.၄.၂၀၂၆
Written by Linn Eain
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ ရက်) နံနက် ၇ နာရီတွင် ရွှေတိဂုံစေတီတော်၌ (၄၃) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး စေတီတော်၏ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်တွင် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်လူကြီးများ၊ ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် ကျင်းပ ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ညောင်ရေသွန်းလောင်ပူဇော်ပွဲ မတိုင်မီ ရွှေတိဂုံစေတီတော်သို့ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်းကို တောင်ဘက်ဧည့်ခံတန်ဆောင်းတွင် နံနက် ၅ နာရီ၊ အရုဏ်ဆွမ်းဆက်ကပ်ခြင်းကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် နံနက် ၆ နာရီနှင့် နံနက် ၆ နာရီခွဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှ စတင်၍ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ပွဲကို အသီးသီးပြုလုပ် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များတွင် လွယ်ကူစွာ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ကုသိုလ်ယူ ကူညီဆောင်ရွက်ပေးရန် စီစဉ်ထားရှိမည်ဖြစ်ပြီး ရဟန်းရှင်လူပြည်သူအများ ပါဝင်ကုသိုလ်ပြုနိုင်ကြောင်း သိရသည်။
