
၂၃.၄.၂၀၂၆
Written by Linn Eain
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ကဆုန်လပြည့်နေ့ (ဧပြီ ၃၀ ရက်)က စတင်၍ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် ပိဋကတ်သုံးပုံကို မင်္ဂလာဆင်တော်ဖြင့် ပင့်ဆောင်ခြင်း၊ အထိမ်းအမှတ်အထူးပြပွဲ ဓာတ်ပုံပြခန်း၊ ရုပ်တုများ ခင်းကျင်းပြသခြင်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ အဖွဲ့ဝင်နှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “ဧပြီ ၃၀ ရက်တွင် ကျရောက်မည့် ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်သည့်နေ့ဖြစ်သည့်အတွက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပရေး ဩဝါဒါစရိယဆရာတော်ကြီးများအဖွဲ့၊ နာယကအဖွဲ့နှင့် ဦးစီးကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းပေးနိုင်ရေး ဝန်ကြီးဌာနအနေဖြင့် တင်ပြခဲ့ပြီးဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် အထိမ်းအမှတ်အထူးပြပွဲ ဓာတ်ပုံပြခန်းနှင့် ရုပ်တုများခင်းကျင်းပြသရေးနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ဆောင်ရွက် ရေးဆပ်ကော်မတီအနေဖြင့် ပြတိုက်ပြခန်းများ ခင်းကျင်းပြသရမည့် အခြေအနေများကို ရှင်းပြမည့် တာဝန်ရှိသူများကို အင်္ဂလိပ်ဘာသာ၊ ပါဠိဘာသာ အသုံးအနှုန်းကအစ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ဒေဝါဝင်းရာဇာဝင်းများဖြင့် လှည့်လည်ပူဇော်ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီအနေဖြင့် ပိဋကသုံးပုံကို မင်္ဂလာဆင်တော်ဖြင့် ပင့်ဆောင်မည့်အခြေအနေနှင့် လေ့ကျင့်သင်ကြားပေးနေသည့် မင်္ဂလာဆင်တော်၏ အခြေအနေကိုလည်း တင်ပြပေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် ကျင်းပရေးနာယကအဖွဲ့ အဖွဲ့ဝင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အထိမ်းအမှတ်အထူးပြပွဲ ဓာတ်ပုံပြခန်းနှင့်ရုပ်တုများ ခင်းကျင်းပြသရေးနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ဆောင်ရွက်ရေး ဆပ်ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေရေးဆပ်ကော်မတီအနေဖြင့် ဆဋ္ဌသင်္ဂါယနာတင် ၃၁ အုပ် Scan ဖတ်ပြီး အုပ်ရေ ၅၀၀ ပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အထိမ်းအမှတ်ပစ္စည်းများအနေဖြင့် တီရှပ်၊ ရေခွက်၊ ကီးချိန်း၊ ဘောပင်၊ ပြက္ခဒိန်များ ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အစွမ်းကုန် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပက်သတ်ပြီး နေ့ရက်အလိုက် ကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများနှင့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
