
◾ အီရန်စစ်ပွဲ၌ နှစ်ဖက်စလုံး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြဟု သတင်းများကဆို
၂၃.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အမေရိကန်အစိုးရအနေနဲ့ အီရန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အချိန်ကန့်သတ်ထားမှု တစ်စုံတစ်ရာမရှိလို့ ဧပြီလ ၂၂ ရက်က ပြောခဲ့ပြီး အိမ်ဖြူတော်ကလည်း အပစ်အခတ်ရပ်စဲရေးအတွက် နောက်ဆုံးရက်ကို မသတ်မှတ်ရသေးဘူးလို့ ဆိုခဲ့ပါတယ်။
အလားတူပဲ အီရန်နိုင်ငံရဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်ကလည်း အမေရိကန်နဲ့ အစ္စရေးတို့က အပစ်အခတ်ရပ်စဲရေးကို ထင်ရှားစွာ ချိုးဖောက်ခဲ့ တဲ့အတွက် အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။
အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အမေရိကန် ရဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုနဲ့ ကတိကဝတ်တွေကို ချိုးဖောက်တာက ညှိနှိုင်းဆွေးနွေးပွဲတွေအတွက် အဓိက အဟန့်အတားတွေဖြစ်နေရတယ်လို့ ပြောခဲ့ပါသေးတယ်။
အီရန်က အထူးသဖြင့် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မှာ မဟုတ်ဘူးလို့ အလေးအနက်ထား ပြောကြားခဲ့အပြီးမှာတော့ နှစ်ဖက်စလုံးအနေနဲ့ စစ်ပွဲမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရောက်ရှိနေပုံရတယ်လို့ BBC သတင်းဌာနရဲ့ မြောက်အမေရိက သတင်းထောက်က ရေးသားခဲ့ပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ကုန်တင်သင်္ဘောသုံးစင်းကို တိုက်ခိုက်ခဲ့ပြီး တဲ့နောက် သင်္ဘောနှစ်စင်းမှ သင်္ဘောသားတွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အမေရိကန်ရေတပ်ကလည်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားခဲ့ရာမှာ ဧပြီလ ၂၂ ရက်ညနေအထိ သင်္ဘော ၃၁ စီးကို သူတို့ရဲ့လမ်းကြောင်းအတိုင်း ပြန်လှည့်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်တို့ကတော့ ဧပြီလ ၂၃ ရက်မှာ ဒုတိယအကျော့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ စီစဉ်ထားပြီး လက်ဘနွန်သမ္မတ ဂျိုးဇက်ဖ် အာအွန်က နှစ်ဖက်အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်ကို တိုးချဲ့ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
Ref -BBC
