ပုံစာ။ ကျူးလွန်သူကို လူဝတ်လဲထားသည့်မြင်ကွင်း (ဓာတ်ပုံ - အရှင်သုနန္ဒ)
နေမိုး
၂၃. ၄. ၂၀၂၆
ကိုရင်ငယ်တစ်ပါးအား ရက်စက်စွာရိုက်နှက်နေသော သင်္ကန်းဝတ်ဘုန်းကြီးကို ယမန်နေ့နံနက်တွင် ဖမ်းဆီးရမိလိုက်ပြီးနောက် လူဝတ်လဲကာ သာသနာတော်ညှိုးနွမ်းစေမှုဆိုင်ရာပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“လူဝတ်လဲပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၅-(က)နဲ့အရေးယူဆောင်ရွက်ထားပါကြောင်း အများပြည်သူ သိစေအပ်ပါသည်”ဟု အဆိုပါရိုက်နှက်သည့်သင်္ကန်းဝတ်ကို ဦးဆောင် စုံစမ်းဖော်ထုတ် ဖမ်းဆီးပေးသည့် အရှင်သုနန္ဒ(ဗုဒ္ဓရင်ခွင်-ဓမ္မသဘင်) က လူမှုကွန်ရက်တွင် အသိပေးထားသည်။
အဆိုပါဖြစ်စဥ်မှာ ဧပြီ ၂၁ ရက်က လူမှုကွန်ရက်တွင် စတင်ပျံ့နှံ့လာခြင်းဖြစ်ပြီး အသက် ၃၀ ခန့် အပေါ်တွင် ဧကသီမပါဘဲ အောက်တွင်သာ သင်းပိုင်ဝတ်ထားသည့် အသက် ၃၀ ခန့် သင်္ကန်းဝတ်ဘုန်းကြီးက အသက်ဆယ်နှစ် ပြည့်ဟန်မရှိသေးသည့် ကိုရင်ငယ်တစ်ပါးကို ထွက်မပြေးနိုင်စေရန် လက်တစ်ဖက်က ချုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကြမ်းပြင်ပေါ်လူးလိမ်ငိုကြွေးနေသည့်ကိုရင်ကို တုတ်များဖြင့်ရိုက်ခြင်း၊ လက်ဖြင့်ရိုက်နှက်ခြင်းများပြုလုပ်နေသည့် အချိန်တစ်မိနစ်ခန့်ရှိ ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် သံဃာ့ဂုဏ်ထိခိုက်ပျက်ယွင်းကာ၊ ဗုဒ္ဓဘာသာအပေါ် အထင်မှားဝေဖန်စရာ ဖြစ်လာစေသည့် ထိုလုပ်ရပ် လူအများက ဝေဖန်မှုမြင့်တက်လာသဖြင့် လိုက်လံစုံစမ်းရာမှ သင်္ကန်းဝတ်ဖြင့် ကျူးလွန်သူအား ယမန်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သည့် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရ ရခိုင်ကျောင်းဆရာတော် ဦးတေဇဆိုသူကို ယမန်နေ့ ဧပြီ ၂၂ ရက် နံနက် ၉ နာရီမထိုးမီအချိန်၊ ထွက်မပြေးမီ ဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်သည်ဟု သိရှိရသည်။
လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထို လူတစ်စား၏ကိုးကွယ်ရာ ဘာသာရေးစိတ်ဓာတ်ကို နာကျဉ်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုဆိုင်ရာ ပုဒ်မ၂၉၅(က)သည် ကျေအေးခွင့်မရှိ၊ အာမခံပေးခွင့်မရှိသည့် ပြစ်မှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်ကြောင်း သိရသည်။
ပုံစာ။ ကျူးလွန်သူကို လူဝတ်လဲထားသည့်မြင်ကွင်း (ဓာတ်ပုံ – အရှင်သုနန္ဒ)
