◾️ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့ များအား ဖိတ်ခေါ်ခဲ့ခြင်းကို ကြိုဆိုကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပါဝင်ပံ့ပိုးပေးလိုကြောင်း ပြောကြား
◾️ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ထောက်ခံပံ့ပိုးပေးရန်လည်း အသင့်ရှိကြောင်းပါ ပြောကြား
၂၃. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြုသဘော ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုထောက်ခံမှုပြသသော ခရီးစဉ်တစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည့်အပြင် နှစ်နိုင်ငံနယ်စပ်နေပြည်သူများ၏ သာယာဝပြောရေးအတွက် အထူးအရေးကြီးပါသဖြင့် နယ်စပ်ဒေသရှိ စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးပေးရန် ဆန္ဒရှိမှုအား ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင်ကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့ များအား ဖိတ်ခေါ်ခဲ့ခြင်းကိုလည်းကြိုဆိုကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပါဝင်ပံ့ပိုးပေးလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ထောက်ခံပံ့ပိုးပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
