ပုံစာ။ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံ ဧပြီ ၂၂ ရက်က လာရောက် ဂါရဝပြုခဲ့သော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကို တွေ့ရစဥ်။
သတိုး
၂၃. ၄. ၂၀၂၆
အဂတိလိုက်စားမှုများ၊ မဲမသမာမှုများဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသလို ပိုမိုကောင်းမွန်သော အရာများကိုလည်း မြန်မာနိုင်ငံတော်သမ္မတက စဉ်းစားပေးနေကြောင်း ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
မဲမသမာမှုများကြောင့်ဖြစ်ပွားခဲ့ရသည့် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ စီဟာဆက် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံ ယမန်နေ့က သွားရောက်ဂါရဝပြုတွေ့ဆုံပြီးနောက် စီဟာဆက်က ယခုလို ဖွင့်ဟလာခြင်းဖြစ်သည်။
စီဟာဆက်၏ ပြောကြားချက်အရ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား “ကောင်းမွန်စွာ စောင့်ရှောက်ထားသည်” ဟု ဦးမင်းအောင်လှိုင်က အသိပေးခဲ့ကြောင်း၊ ထိုသို့ပြောကြားခြင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ၎င်းက တင်ပြခဲ့ပြီးနောက် ဖွင့်ဟပြောကြားလာခြင်းဖြစ်ကြောင်း သိရသည်။
”အာဆီယံနိုင်ငံအတော်များများက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေထိုင်ကောင်းမွန်မှုအပေါ် စိုးရိမ်နေကြပါတယ်။ သူ (ဦးမင်းအောင်လှိုင်) ကတော့ ကောင်းမွန်တဲ့ အရာတွေကို စဉ်းစားပေးနေတယ်လို့ ပြောတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု စီဟာဆက်က ပြောကြားခဲ့သော်လည်း ဦးမင်းအောင်လှိုင်အနေဖြင့် အသေးစိတ်ကိုမူ ထပ်မံရှင်းလင်းပြောကြားခြင်း မရှိခဲ့ဟု Reuters က ဖော်ပြသည်။
NLD အစိုးရအဖွဲ့ဟောင်းအတွင်းမှ ဝန်ကြီးများ၏ အဂတိလိုက်စားမှု အများအပြားကို မျက်ကွယ်ပြုကာ အရေးမယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှု အပါအဝင် အမှုပေါင်းများစွာအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့် အပတ်က အကျဉ်းသားထောင်ပေါင်းများစွာကို နိုင်ငံတော်သမ္မတသစ်ဦးမင်းအောင်လှိုင်က ငဲ့ညှာသနားစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကိုလည်း ၆ ပုံ ၁ ပုံအထိ လျှော့ပေါ့ပေးခဲ့သည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် သူမနှင့်အတူ အမှုတွဲဖြစ်သော သမ္မတဟောင်း ဦးဝင်းမြင့်လည်း လွတ်မြောက်လာခဲ့သည်။
ဧပြီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသော သမ္မတအဖြစ် ကတိသစ္စာပြုပွဲတွင် ဦးမင်းအောင်လှိုင်က ၎င်း၏ ဦးစားပေးလုပ်ငန်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ စီဟာဆက်က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် အာဆီယံနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကူညီရန် ထိုင်းနိုင်ငံက အသင့်ရှိနေကြောင်း ယင်းက ဆိုသည်။
”သူတို့ (မြန်မာ) က ပိုကောင်းတဲ့ လမ်းကြောင်းဆီကို ဦးတည်နေတယ်ဆိုတာ ပြသဖို့ ကြိုးစားနေပါတယ်။ ဒီအချက်တွေက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အာဆီယံထဲ ပြန်ရောက်လာစေချင်လို့ပါ။ ကျွန်တော်တို့ သူတို့ကို ကူညီချင်ပေမယ့် သူတို့ကိုယ်တိုင် မကြိုးစားဘူးဆိုရင်တော့ ကျွန်တော်တို့ ကူညီလို့မရနိုင်ပါဘူး” ဟု ထိုင်းအစိုးရမှ ဖြန့်ဝေသော ဗီဒီယိုမှတ်တမ်းတွင် စီဟာဆက်က ပြောကြားထားသည်။
Ref: Reuters
