၂၃.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ရေတပ်က အီရန်နဲ့ ပဋိပက္ခကာလအတွင်း အီရန်နိုင်ငံရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုတွေ ဆက်လက်ပြုလုပ်နေစဉ်မှာပဲ အမေရိကန်အစိုးရအဖွဲ့မှ ရေတပ်ဝန်ကြီး ဂျွန်ဖီလန်ဟာ ချက်ချင်းအကျိုးသက်ရောက်ဆောင်ရွက်ရစေပြီး ရာထူးမှ နုတ်ထွက်မှာဖြစ်တယ်ဆိုတာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်တဂွန်က ဧပြီ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ဖီလန်ရဲ့ အစိုးရအဖွဲ့မှနုတ်ထွက်မှုဟာ ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက်သ်က ဧပြီလအစောပိုင်းမှာပဲ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းအရာရှိနဲ့ အခြားဗိုလ်ချုပ်ကြီးနှစ်ဦးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ဆက်လက် ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သ်က ဖီလန်အား ရာထူးမှ နုတ်ထွက်ဖို့ လိုအပ်ပြီး ဒါမှမဟုတ်ရင် ရာထူးမှ ထုတ်ပယ်ခံရမယ်လို့ အသိပေးခဲ့တယ်လို့ ယင်းကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ရဲ့ အကြီးတန်းအရာရှိတစ်ဦးက သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း ဒီဆုံးဖြတ်ချက်ကို သိရှိတယ်လို့ ပြောခဲ့ပါတယ်။
ဖီလန် နုတ်ထွက်သွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဖီလန်နဲ့ ဟက်ဆက်သ်အကြား လပေါင်းများစွာ တင်းမာမှုတွေ ရှိနေတယ်လို့ CNN သို့ သတင်းရင်းမြစ်များစွာက ပြောကြားခဲ့ပါတယ်။ ဟက်ဆက်သ်က ဖီလန်အနေနဲ့ သင်္ဘောတည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်ရာမှာ အလွန်နှေးကွေးစွာ လုပ်ဆောင်နေတယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါ့ပြင် ဖီလန်က သမ္မတ ထရမ့်ပ်နဲ့ တိုက်ရိုက်ဆက်သွယ်မှုကလည်း သူ့ကို အဆင့်ကျော် ရှောင်တိမ်း လုပ်ဆောင်မှုအဖြစ် ဟက်ဆက်သ်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ဒုတိယကာကွယ်ရေး ဝန်ကြီး စတိဗ် ဖိန်းဘာ့ဂ်ကလည်း သင်္ဘောတည်ဆောက်ရေးနဲ့ ရေတပ်ဝယ်ယူရေးဆိုင်ရာ အဓိကတာဝန်တွေကို ထိန်းချုပ်လိုခဲ့ပြီး ယင်းအလုပ်တွေက ဖီလန်ရဲ့ လုပ်ပိုင်ခွင့်အတွင်း ရှိလေ့ရှိပါတယ်။
ရေတပ်က ဖီလန်ထွက်ခွာမှုနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေနဲ့ မေးမြန်းချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနကို ပေးပို့ခဲ့ပေမယ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်တာ မရှိဘူးလို့ သိရပါတယ်။ အိမ်ဖြူတော်က CNN သတင်းဌာနကို ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်ရဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ပေးပို့ခဲ့ပါတယ်။
ရှောင်ပါနယ်လ်က X မှာ တင်ထားတဲ့ ကြေညာချက်မှာ “စစ်ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးကိုယ်စား ရေတပ်ဝန်ကြီး ဖီလန်ကို ဌာနနဲ့ အမေရိကန်ရေတပ်အတွက် တာဝန်ထမ်းခဲ့မှုအပေါ် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူက ယာယီရေတပ်ဝန်ကြီးအဖြစ် ဒုတိယဝန်ကြီး ဟန်ကော (Hung Cao) က တာဝန်ယူမယ်လို့လည်း ပြောခဲ့ပါတယ်။
ဟက်ဆက်သ်ဟာ ၂၀၂၅ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးတာဝန်ကို စတင်ထမ်းဆောင်ချိန်မှစလို့ ယခင်အစိုးရတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရတဲ့ အကြီးတန်းအရာရှိများစွာကို ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။ သူတို့မှာ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးရှိုရှာနာ ချတ်ဖီးလ်၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဘရောင်း ဂျူနီယာ၊ လေတပ်ဗိုလ်ချုပ်ကြီး တီမိုသီ ဟော့ဖ်၊ ရေတပ်ဗိုလ်ချုပ်ကြီး လီဆာ ဖရန်ချတ်တီနဲ့ ကမ်းခြေစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး လင်ဒါ ဖာဂန်တို့လည်း ပါဝင်ကြပါတယ်။
Ref- CNN, NBC News
