၂၃.၄.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုဆန်တန်းတွင် ဓာတ်ဆီဘူးသယ်လာသော ဆိုင်ကယ်မောင်းသူမှာ မီးပုံကို ရှောင်တိမ်းရာမှ ဆိုင်ကယ်တိမ်းမှောက်ကာ မီးလောင်သဖြင့် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးမှု ဧပြီလ ၂၁ ရက် ည ၉ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဈေးကြိုကားဝင်းတွင် သုံးဘီးဆိုင်ကယ်မောင်းသူ ကိုချစ်မင်းမှာ ဓာတ်ဆီသုံးဘူးသယ်ဆောင်လာပြီး နေအိမ်အပြန်တွင် နေအိမ်အနီး အမှိုက်များမီးရှို့ထားသော မီးပုံကို ရှောင်မောင်းရာမှ မီးပုံပေါ်သို့ ဆိုင်ကယ်စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး ဓာတ်ဆီ သုံးဘူးစလုံးကိုယ်ပေါ်ကျကာ ခန္ဓာကိုယ်တွင် မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်နေသူကို အနီးရှိ ရပ်ကွက်တွင်နေထိုင်သူများက ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ပေးပြီး ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးကာ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာများရရှိသူ အမျိုးသားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ယင်းနေ့ညပိုင်းတွင် ဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းကို ပိန္နဲကုန်းသုသာန်တွင် ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းက မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။




