၂၃.၄.၂၀၂၆
Written By Thandar
Channel 8 Myanmar Production က Classic Romance ပုံစံ “မြူနဲ့ရေးတဲ့ တိမ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဧပြီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါဇာတ်ကား ရုံတင်ပြသချိန်မှာ ရုပ်ရှင်ကြည့်ရှုအားပေးသူတွေထဲက ကံထူးရှင်ကို ရွေးချယ်ပြီးတော့ EV ကားတစ်စီးကို မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။
“အမအနေနဲ့ ဒီဇာတ်ကားတစ်ကားကို ရုပ်ရှင်ဇာတ်ကားဆိုတာထက် Classic ဆန်ဆန် ရုပ်ရှင်အနုပညာ အနှစ်သာရတွေနဲ့အတူ အချစ်ရဲ့ နက်ရှိုင်းမှုတွေကို မြင်တွေ့ရမယ့် Romance ဇာတ်ကားလေးကို ပန်းချီကားတစ်ချပ်လို အကောင်းဆုံး ပုံဖော်ထားပါတယ်။ အမအနေနဲ့လွန်ခဲ့တဲ့ နှစ်နစ်လောက်က ရိုက်ထားတာ ခုလို ရုံတင်ပြသခွင့်ရမယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်”လို့ ဒါရိုက်တာအမ်မာက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ရွှေပြည့်၊ ဒါရိုက်တာ အမ်မာက သရုပ်ဆောင်တွေဖြစ်တဲ့ အုပ်စိုးခန့်၊ ပန်းရောင်ခြယ်၊ ဘေဘေး၊ ရဲမွန်၊ ဆုထက်ကုဋေ၊ ဂွမ်းပုံကြီး၊ ဂူဂူး၊ မြင့်မြတ်ဟိန်း၊ အိမ့်စု၊ ယွန်းပိုးအိ၊ ဈာန်ရဲထက်၊ ကေဇင်ချို၊ ခိုင်ထက်ထက်ကျော်၊ ဇွဲထက်ရှ၊ ဟိန်းသီရိစံ၊ မိကြယ်စင်ကျော်ကျော် စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“မြူနဲ့ရေးတဲ့ တိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၁ ရက်နေ့ကစ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#အုပ်စိုးခန့် #ပန်းရောင်ခြယ် #OakSoeKhant #PannYaungChel #မြူနဲ့ရေးတဲ့တိမ် #TheMistyCloud #EVကား #EVCar #ClassicRomance #MyanmarCele #channel8myanmarproduction









