၂၀.၄.၂၀၂၆
Written By Thandar
အနုပညာလောကမှာ နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ မမများယိမ်းအဖွဲ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တွေထဲက အမှန်တကယ်လိုအပ်သူတွေကို ဆန်၊ ဆီနဲ့ စားဖွယ်ရာတွေကို လှူဒါန်းပေးဖို့အတွက် ယနေ့ ဧပြီ ၂၀ ရက်နေ့က ကျပ် ၁၀ သိန်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့ပါတယ်။
“ကျွန်မတို့ မမများယိမ်းအဖွဲ့က သင်္ကြန်တွင်းမှာ ကပြဖျော်ဖြေခဲ့တာကို ကိုယ့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကျပ် ၁၀ သိန်း လာလှူတာပါ။ ကိုယ့်လောကသားတွေက စားဝတ်နေရေးအတွက် ခက်ခဲနေသူတွေကို ပြန်လည်လှူဖြစ်တာပါ။ တကယ်လို့ ဝါဝါတို့ရဲ့ လုပ်အားခတင်မဟုတ်ဘဲ အကုန်လုံးရဲ့ လုပ်အားခရယ် ခုနစ်ရက်သားသမီးတွေ အလှူငွေတွေ ပံ့ပိုးပေးသူတွေဆီက တစ်တပ်တစ်အားကူညီပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အမှန်တကယ်အများကြီး လှူချင်တာပါ။ သင်္ကြန်တွင်းမှာ က,တာ အကုန်လုံးပေါင်းရင်တော့ ကျပ်သိန်း၂၀၀ ကျော်လောက် ရပါတယ်။ သင်္ကြန်တွင်းတစ်တွင်းလုံးမှာ မမတွေက အပင်ပန်းခံပြီး လိုက်လံ က,ပြဖျော်ဖြေခဲ့ကြတာပါ။ ရလာတဲ့ ငွေကြေးထဲက သုံးပုံတစ်ပုံကိုတော့ ရန်ပုံငွေအနေနဲ့ ဖယ်ထားတယ်ပေါ့နော်။ တစ်ယောက်ကို ပင်ပန်းကြေးလေး (၁၈)သိန်းလောက်စီရခဲ့ကြပါတယ်။ သင်္ကြန်မဟုတ်လည်း မမများအဖွဲ့ကို အမြဲအားပေးကြဖို ပြောချင်ပါတယ်”လို့ မမများ ယိမ်းအဖွဲ့က အကယ်ဒမီ ဝါဝါအောင်က ပြောပါတယ်။
အဆိုပါ မမများယိမ်းအဖွဲ့က ရန်ကုန်မြို့ မြို့တော်ဝန်မဏ္ဏပ်မှာ အထိုင်အနေနဲ့ မနက်ပိုင်း တစ်ကြိမ်နဲ့ ညနေပိုင်း တစ်ကြိမ်က,ပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ MRTV-4 ရဲ့ မြကျွန်းသာ၊ သာကေတ မဏ္ဏပ်နဲ့ သင်္ဃန်းကျွန်းဘက်တို့မှာလည်း က,ပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
“မမများယိမ်းအဖွဲ့” မှာ အကယ်ဒမီ ဝါဝါအောင်၊ လင်းလင်း၊ အိမ့်ကြာဖြူ၊ သဉ္ဇာထက်၊ သာသာ၊ ယဉ်မင်းပိုင်စတဲ့သူတွေ ပါဝင်ကြတာလည်းဖြစ်ပါတယ်။
