၂၀.၄.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံမှာ ရမ်နာဂါမြို့မှ ဥဒမ်ပူရ်မြို့ကို မောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ ထိန်းချုပ်မှု မပြုနိုင်ဖြစ်ကာ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားခဲ့မှုတစ်ရပ် ကနုတ်ကျေးရွာအနီးမှာ ဧပြီလ ၂၀ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဘတ်စ်ကားက ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်နယ်၊ ဥဒမ်ပူရ်ခရိုင်အတွင်းရောက်ရှိလာချိန် နံနက် ၁၀ နာရီခန့်က တစ်ဖက်မှလာသော ယာဉ်ကို မမြင်နိုင်တဲ့ လမ်းကွေးတစ်ခုအရောက်မှာ ပေ ၁၀၀ ခန့် နက်တဲ့ချောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဘတ်စ်ကားဟာ လမ်းကွေးသို့အရောက်မှာ ထိန်းချုပ်မှုမပြုနိုင်တော့တဲ့အတွက် ချောက်ထဲကို ထိုးကျသွားခဲ့တာလို့ ဆိုပါတယ်။ အနီးအနားမှာနေထိုင်ကြတဲ့ ပြည်သူတွေက ချက်ချင်းရောက်လာကြပြီး အဖွဲ့ များခွဲကာ ချောက်ထဲကျသွားတဲ့ကားအတွင်းမှ ဒဏ်ရာရခရီးသည်တွေကို ပြန်လည်ထုတ်ယူနိုင်ဖို့စတင် လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ဒေသဆိုင်ရာ အာဏာပိုင်များကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း စတင်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးသမားတွေက ဘတ်စ်ကားအတွင်းမှ သေဆုံးသူ ၁၆ ဦးရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူ ၂၀ ဦးကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကို့ပို့ပေးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေအနက် အချို့က စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အဖြစ်အပျက်အတွက် အထူးတုန်လှုပ်ဝမ်းနည်းမိတယ်လို့ပြောခဲ့ပါတယ်။ သူက သေဆုံးသူတွေရဲ့ မိသားစုဆွေမျိုးတွေအတွက် ရူပီးငွေ နှစ်သိန်းကျစီနဲ့ ဒဏ်ရာရသူတွေအတွက် ရူပီးငွေ ၅၀,၀၀၀ ကျစီ ထောက်ပံ့ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
Ref :The Times of India
