နေမိုး
၂၀. ၄. ၂၀၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိရာ ယခုလည်း အကြမ်းဖက် KNU နှင့် PDF များ ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
အကြမ်းဖက်သမားများ၏ ကျူးလွန်မှုများမှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၈ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကံဆွယ်ကြီးကျေးရွာနေ ဦးမင်းသန့်(၃၈)နှစ်သည် ရွာမှတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် ကံဆွယ်ကြီးကျေးရွာ တောင်ဘက် တစ်မိုင်ခန့်အကွာ ကြူဝန်းကျေးရွာနှင့် သဲဘို့ကျေးရွာကြားအရောက်၌ လမ်းဘေးမှ PDF များ ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာနေ ဦးစိုးသီဟ(၄၅)နှစ်သည် ကျေးရွာအနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ မုန်းချောင်းအနီး၌ လမ်းလျှောက်နေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရုံးပင်ကျေးရွာနေ ဦးမြင့်စိုးလှိုင်(၅၅)နှစ်သည် ကျေးရွာအနီးရှိ သရက်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပြင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီ ၁၅ ရက် နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာနေ ကိုပိုင်ဇင်ဦး(၂၁)နှစ်သည် ဝက်လက်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ သားနားကျေးရွာရှိ နှမ်းခင်း၌ အလုပ်လုပ်ကိုင်နေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


