သက်တံ့
၂၀. ၄. ၂၀၂၆
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ အကြမ်းဖက်လက်နက်ကိုင် KNU ကို လေကြောင်းမှ ချေမှုန်းတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးသည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်၊ ဆော့မွေ (Sop Moei) ခရိုင်အတွင်းသို့ ကျရောက်ခဲ့သဖြင့် ဒေသခံများကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
သတင်းပေးပို့ချက်များအရ ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာ့လေတပ်သည် Yak-130 နှင့် MiG-29 တိုက်လေယာဉ်များကို အသုံးပြု၍ ကရင်ပြည်နယ်အတွင်းရှိ မြန်မာ့တပ်မတော်စခန်းများကို အကြမ်းဖက် တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အခြေစိုက်စခန်းများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
အဆိုပါနေရာသည် မယ်ဟောင်ဆောင်ပြည်နယ်၊ ဆော့မွေခရိုင်၊ မယ်ဆမ်လက်ပ် (Mae Sam Laep) ကျေးရွာအုပ်စုနှင့် မျက်နှာချင်းဆိုင်၊ နယ်စပ်မျဉ်းမှ မီတာ ၅၀၀ ခန့်အကွာတွင် တည်ရှိသည်။
ထိုတိုက်ခိုက်မှုအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ KNU လက်နက်ကိုင်များအခြေပြုရာ အူမီသာ (U Mi Tha) ကျေးရွာနှင့် အူစုသာ (U Su Tha) ကျေးရွာတစ်ဝိုက်တွင် ဗုံးကိုးလုံး ကြဲချခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ ချက်ချင်း မသိရသေးပေ။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးသည် ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ ကျော်လွန်ကျရောက်ခဲ့ပြီး၊ မယ်ဆမ်လက်ပ်ဒေသရှိ သံလွင်မြစ်အနီးတွင် ပေါက်ကွဲခဲ့သဖြင့် ဒေသခံထိုင်းပြည်သူများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
မယ်ဆမ်လက်ပ်နယ်စပ်စခန်းတွင် တပ်စွဲထားသော အမှတ် (၃၆) ခြေလျင်တပ်ရင်း Ranger Forces မှ တာဝန်ရှိသူများသည် မယ်ဆမ်လက်ပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဗုံးကျရောက်ရာနေရာအနီးရှိ ထိုင်းနိုင်ငံသားများကို ဘေးကင်းလုံခြုံရေးအတွက် ဟွေကောင်ကတ် (Huai Kong Kat) ကျေးရွာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း KNU နှင့် PDF များ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီးနောက် မြန်မာ့တပ်မတော်၏ လေယာဉ်များသည် မယ်ဟောင်ဆောင်ပြည်နယ်၊ မယ်စရိန်းခရိုင်၊ မယ်ယုမ်း (Mae Yuam) ကျေးရွာအုပ်စု၊ သာတာဖန်း (Tha Ta Fang) ကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိ KNU နှင့် ဆက်နွှယ်သော အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုများကြောင့် ကရင်လက်နက်ကိုင်အချို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်ကာ မယ်ဆမ်လက်ပ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်းလည်း သတင်းများက ဖော်ပြသည်။
Ref : The Nation Thailand
