သက်တံ့
၂၀. ၄. ၂၀၂၆
ဗီယက်နမ်နိုင်ငံသူ ၁၈ ဦးအား ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ဦးစီးသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Compounds) များအတွင်းသို့ ရောင်းစားခဲ့သည့် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
အဆိုပါ ရောင်းစားခံရသူများသည် ရိုက်နှက်နှိပ်စက်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခံရမည်ဟူသော ခြိမ်းခြောက်မှုများအောက်တွင် ၎င်းတို့၏ လူမျိုးတူ ဗီယက်နမ်နိုင်ငံသားအချင်းချင်းကို အွန်လိုင်းမှတစ်ဆင့် ပြန်လည် လိမ်လည်ရန် အတင်း အဓမ္မ စေခိုင်းခံခဲ့ရသူများဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၊ ကာမော (Ca Mau) ပြည်နယ် ပြည်သူ့တရားရုံးသည် တရားခံဖြစ်သော အသက် ၂၆ နှစ်အရွယ် လီငေါ့ကွီ (Le Ngoc Quy) ကို လူကုန်ကူးမှုအတွက် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေညှစ်မှုအတွက် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို ဧပြီလ ၁၆ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်ပြီး နစ်နာသူများကို ဗီယက်နမ်ဒေါင် သန်း ၃၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၁၁,၄၀ဝ ခန့်) လျော်ကြေးပေးရန်လည်း အမိန့်ချမှတ်ခဲ့သည်။
ကျူးလွန်မှုဖြစ်စဉ်များတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ကွီသည် Facebook နှင့် Zalo အကောင့်များတွင် “Quy Lee” နှင့် “Cherry” ဟူသော အမည်များအသုံးပြုကာ လူသစ်စုဆောင်းရေးဂိုဏ်းတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူမသည် ဒေသတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အသုံးများလေ့ရှိသည့် “အလုပ်သက်သာ၊ လစာကောင်းကောင်း” ဟူသော ကြော်ငြာများကို အသုံးပြုခဲ့သည်။
သူမ၏ ကြော်ငြာများတွင် ထိုင်းနှင့် မြန်မာနိုင်ငံရှိ အွန်လိုင်းဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အီလက်ထရွန်နစ်ပစ္စည်း တပ်ဆင်ရေးလုပ်ငန်းများအတွက် တစ်လလျှင် ဗီယက်နမ်ဒေါင် ၁၂ သန်း (ဒေါ်လာ ၄၅၅) ခန့် ရရှိမည်ဖြစ်ပြီး ခရီးစရိတ်များကို အလုပ်ရှင်မှ ကျခံမည်ဟု ဖော်ပြထားခဲ့သည်။
ယင်းကြော်ငြာများကို ဆက်သွယ်လာသူများအား နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားပုံကို လမ်းညွှန်ပြသပေးပြီး လေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ရောက်ရှိချိန်တွင်မူ ၎င်းတို့၏ အထောက်အထားစာရွက်စာတမ်းများကို သိမ်းဆည်းကာ တရုတ်နိုင်ငံသားများ ဦးစီးသည့် ကုမ္ပဏီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ကျားဖြန့်ဂိုဏ်းများဖြစ်ပြီး လူကုန်ကူးခံရသည့် အလုပ်သမားများကို ၎င်းတို့၏ မိခင်နိုင်ငံမှ လူများအား ပစ်မှတ်ထားကာ ရင်းနှီးမြှုပ်နှံမှုနှင့် အချစ်ဇာတ်လမ်းဆင် လိမ်လည်မှု (Romance Scams) များ ပြုလုပ်ရန် အတင်းအဓမ္မ စေခိုင်းခြင်းဖြစ်သည်။
ကွီ စုဆောင်းပေးခဲ့သည့် အလုပ်သမားများသည် ဆိုရှယ်မီဒီယာတွင် အကောင့်အတုများ ဖွင့်လှစ်ကာ သိကျွမ်းရင်းနှီးမှုမရှိသူ ဗီယက်နမ်နိုင်ငံသားများကိုမိတ်ဖွဲ့ပြီး၊ ၎င်းတို့၏ ဘဏ်အကောင့်ထဲမှ ငွေများ ကုန်စင်အောင် ပြုလုပ်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု အက်ပလီကေးရှင်းအတုများနှင့် ဝယ်ယူမှုအမှတ်စုဆောင်းသည့် (Loyalty-point) စျေးဝယ်လုပ်ငန်းအတုများထဲသို့ ဆွဲသွင်းရခြင်းဖြစ်သည်။
အလုပ်သမားတစ်ဦးစီသည် တစ်လလျှင် အနည်းဆုံး ဗီယက်နမ်ဒေါင် သန်း ၇၀ ကျော် (လိမ်လည်ငွေ) ရရှိအောင် ရှာဖွေပေးရန် သတ်မှတ်ခံရပြီး သတ်မှတ်ချက်ထက် ပိုမိုရရှိပါက ကော်မရှင်အဖြစ် ၂၀ ရာခိုင်နှုန်း ခံစားခွင့်ပေးမည်ဟု ဆိုသည်။
သို့သော် သတ်မှတ်ချက်မပြည့်မီသူများကို တစ်နေ့လျှင် ထိုင်ထ အကြိမ် ၁၀၀ ပြုလုပ်ခိုင်းခြင်း၊ ရိုက်နှက်ခြင်း၊ မနက် ၂ နာရီ၊ ၃ နာရီအထိ အလုပ်လုပ်ခိုင်းခြင်းနှင့် အခြားလုပ်ငန်းတစ်ခုသို့ တစ်ဆင့်ပြန်လည်ရောင်းချမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံခဲ့ကြရသည်။
အလုပ်လုပ်ရန် ငြင်းဆန်ပါက ခရီးစရိတ်၊ အစားအသောက်နှင့် နေထိုင်စရိတ်ဟု အကြောင်းပြကာ ဗီယက်နမ်ဒေါင် သန်း ၈၀ မှ ၁၇၅ သန်းအထိ “လျော်ကြေး” ပေးဆောင်ရန် တောင်းဆိုခံရပြီး အဆိုပါအကြွေးမှာ ထိုနေရာတွင် နေထိုင်သည့် ရက်ကြာလာသည်နှင့်အမျှ တိုးပွားလာလေ့ရှိသည်။
စုံစမ်းစစ်ဆေးသူများသည် လူကုန်ကူးခံရသူ ၁၈ ဦးအနက် ၁၇ ဦးကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေသည့် နေရာများအထိ လိုက်လံစုံစမ်းနိုင်ခဲ့သည်။ ၎င်းတို့အနက် ၂ ဦးကို ထိုင်းနိုင်ငံသို့ အရင်ပို့ပြီးမှ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး ကျန် ၁၅ ဦးမှာ မြန်မာနိုင်ငံသို့ တိုက်ရိုက် ပို့ဆောင်ခံခဲ့ရကာ ကုမ္ပဏီအမျိုးမျိုးသို့ အပြန်အလှန် လွှဲပြောင်းရောင်းချခံခဲ့ရသည်။ အချို့မှာ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် နေရပ်ပြန်နိုင်ခဲ့သော်လည်း အချို့မှာမူ ကိုယ်တိုင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။
၁၈ ဦးမြောက် သားကောင်ဖြစ်သူမှာမူ ကာမအလွဲသုံးစားပြုရန် သီးသန့်ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇွန်လဝန်းကျင်တွင် ကွီသည် သူမအား မြန်မာနိုင်ငံရှိ ဘား (Bar) တစ်ခုတွင် တစ်လလျှင် ဒေါ်လာ ၅၀၀ ရမည့် အလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။ လူကုန်ကူးခံရသူ ရောက်ရှိသွားချိန်တွင် အထောက်အထားများ သိမ်းဆည်းခံရပြီး တင်းကျပ်စွာ စောင့်ကြည့်ခံခဲ့ရသည်။ သူမ၏ မိသားစုသည် အထောက်အထားစာရွက်စာတမ်းများ ပြန်ရရန်နှင့် အခြားနေရာသို့ ထပ်မံရောင်းစားခြင်း မခံရစေရန်အတွက် ကွီ၏ တောင်းဆိုချက်အရ ဗီယက်နမ်ဒေါင် ၁၇၈ သန်းကျော်ကို လွှဲပေးခဲ့ရပြီး နေရပ်ပြန်နိုင်ရန်အတွက်လည်း ထပ်မံငွေပေးခဲ့ရပြီးနောက် သူမသည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ထို့နောက် ဗီယက်နမ်အာဏာပိုင်းများက ကွီကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးအရေးယူမှုများပြုလုပ်ကာ နှစ်နစ်ကျော်အကြာ ယခုနှစ် ဧပြီ ၁၆ ရက်တွင် နစ်နာကြေးနှင့် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
Ref : VNExpress/Vietnam News-ANN
