ပုံစာ။ ခရီးသည်တင်ယာဥ်နှင့် လိုက်ထရက်တိုက်မှုတွင် ကွယ်လွန်ခဲ့သူများ ပုံရိပ် (Photo - Credit)
သက်တံ့
၂၀. ၄. ၂၀၂၆
သံဃာနှင့် လူ စုစုပေါင်း ၁၉ ဦး လိုက်ပါလာသည့် လိုက်ထရက်ဘွန်ဂိုယာဥ်နှင့် ခရီးသည်တင်ယာဥ် တိုက်မိရာမှ သေဆုံးပျံလွန်ခဲ့ရသည့် ရဟန်းသံဃာနှင့် လူ ၁၃ ဦးကို ယနေ့နံနက်ပိုင်းတွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်သည်။
ဖြစ်စဥ်မှာ ဧပြီ ၁၈ ရက် ညနေ ၃ နာရီ ၅၃ မိနစ်ခန့်အချိန်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ထရက်ယာဉ်တိုက်မိမှုကြောင့် လိုက်ထရက်ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် သံဃာ (၈)ပါး၊ အသက် ရှစ်နှစ်အရွယ် ကိုရင်(၁)ပါး ပျံလွန်တော်မူသည့်အပြင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အမျိုးသား (၂)ဦး စုစုပေါင်း အမျိုးသား (၄) ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကူညီပေးခဲ့သည့်ပရဟိတအဖွဲ့အစည်းများ ပြောကြားချက်အရ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၆ ဦးနှင့် ကိုရင်တစ်ပါးအပါအဝင် သံဃာ ၁၃ ပါးလိုက်ပါလာသော ကျိုက်ထီးရိုးဘုရားဖူးအပြန် လိုက်ထရက်ဘွန်ဂိုယာဥ်သည် ကျိုက္ကော်ရှိ အကောင်းကြိုက်ဆိုင်ကားဝင်းအနီးအရောက် မော်လမြိုင်ဘက်မှလာသော ရွှေလရောင် မန္တလာ Express ယာဥ်နှင့် ပါဂျဲရိုးကားချိတ်မိချိန် သံဃာများလိုက်ပါလာသော လိုက်ထရက်ဘွန်ဂိုက ရပ်ထားသော တက်စီကိုကျော်တက်ချိန် တိုက်မိပြီးနောက် လမ်းကြောင်းပြောင်းလာသော ရွှေလရောင် မန္တလာ Express ယာဥ်နှင့် သံဃာနှင့် လူ ၁၉ ဦး လိုက်ပါလာသော လိုက်ထရက်ဘွန်ဂိုတို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် သေဆုံးဒဏ်ရာရသူ များပြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သေဆုံးသွားသည့် သံဃာတော်များတွင် သင်္ကြန်ကာလ ဒုလ္လဘဝတ်ကြသည့် မော်လမြိုင်မှ ကိုအောင်မြင့်ကွမ်းယာဆိုင် မိသားစုဝင်နှင့် ဝန်ထမ်းများအပြင် ရွှေဟင်္သာပေါ်တော်မူကျောင်းတိုက်မှာ တိုက်အုပ်ဆရာတော်နှင့် သံဃာများလည်း ပါဝင်သည်ဟု သိရသလို ကြွင်းရစ်သော ရုပ်ကလာပ်များကို သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ကျောက်တန်းသုသာန်တွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အန္တိမစျာပနနှင့် မီးသင်္ဂြိုဟ်ခြင်းများ တစ်ပြိုင်နက် ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
လက်ရှိအချိန်တွင် ရွှေလရောင် မန္တလာ Express ယာဥ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟုလည်း သိရသည်။









