
၁၆.၄.၂၀၂၆
Written By Thandar
ဝါရင့်သရုပ်ဆောင် ဒါရိုက်တာမင်းဇော် အသက် ၅၃ နှစ်ဟာ ယနေ့ ဧပြီ ၁၆ ရက် နံနက် ၂ နာရီ ၂၇ မိနစ်က ဦးနှောက်သွေးကြောပေါက်ပြီး ဘားအံမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ကိုကြီး ကိုမင်းဇော်ဆုံးသွားပါပြီ။ အနုပညာနဲ့ပတ်သက်ရင် လိုအပ်တာရှိရင် သေချာလေးသင်ပေးတဲ့ ကိုကြီးတစ်ယောက်လိုပါပဲ။ ကိုကြီး ဦးနှောက်သွေးကြောပေါက်ဆုံးသွားတယ်လို့ သိရတယ်။ တကယ့်ကို စိတ်မကောင်းပါဘူး။ ကိုကြီးကောင်းရာမွန်ရာ ရောက်ပါစေ”လို့ သရုပ်ဆောင် စစ်နိုင်က MT Entertainment ကို ပြောပါတယ်။
ကွယ်လွတ်သူကိုတော့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက် သီရသူ(၉)လမ်း ဒေါ်ဖြူဖြူသိန်း နေအိမ်ကနေ ယနေ့ ဧပြီ ၁၆ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြုဟ်သွားမှာလည်းဖြစ်ပါတယ်။ မင်းဇော်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ နှစ်များစွာဖြတ်သန်းလာတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ဇာတ်ကားတချို့ကိုလည်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးနေလျက်ရှိသူလည်း ဖြစ်ပါတယ်။
“ကိုမင်းဇော်ရဲ့ နာရေး သင်္ကြန်ရက်တွင်းဆိုတော့ ဒီနေ့ အားခြင်းသင်္ဂြိုဟ်မှာမို့ လိုက်ပါပို့ဆောင်လိုသူများ ရေဝေးသို့ လိုက်ပါပို့ဆောင်လို့ရပါတယ်။ အခု ကိုဇော်မင်းရဲ့ ဘော်ဒီကို ဘားအံကနေသယ်လာပြီမို့လို အချိန်ကို ညနေပိုင်းလောက်ဖြစ်ပါမယ် အချိန်အတိအကျသိရင်ပြန်ပြောပေးပါမယ်။ ကိုမင်းဇော်က ကျွန်တော့်ရဲ့အစ်ကို ဆရာဆိုလည်း မမှားပါဘူး။ အရမ်းသဘောထားကောင်းတဲ့သူပါ”လို့ ဒါရိုက်တာ ရဲရင့်သစ္စာက ပြောပါတယ်။
အသုဘရှုရက်လည်ဆွမ်းသွတ်တရားတော်နာအလှူကိုတော့ လာမယ့် ဧပြီ ၂၂ ရက်နေ့ နံနက် ၉ နာရီမှာ ဒေါ်ဖြူဖြူသိန်း နေအိမ်မှာ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။
