◾️ စက်မှုဇုန်၊ စက်ရုံများနှင့် လူမှုရေး၊ ဘာသာရေး၊ ပညာရေး အသင်းအဖွဲ့/အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ဆန်လိုအပ်ချက်ရှိပါက ဆက်သွယ်ညှိနှိုင်းဝယ်ယူနိုင်

၁၁. ၄. ၂၀၂၆
Written by Nyein Kyaw
သက်သာသောဈေးနှုန်းများဖြင့် ဆန်ရောင်းချပေးမှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး ဧည့်မထဆန် တစ်ပြည် ၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်ပြည် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အသိပေး ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် မတ်လဆန်းမှစတင်၍ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် အခြေခံပြည်သူများ ဝယ်ယူစားသုံးသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတမှု ဖြစ်စေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းကဲ့သို့ တိုးမြှင့်ရောင်းချပေးရာတွင် ဆန်စက်များတွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂,၅၀၀ ကျပ်၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်းစားဆန်များကို ဆန်အမျိုးအစား/ အရည်အသွေးပေါ် မူတည်၍ တစ်ပြည်လျှင် ၃,ဝဝဝ ကျပ်မှ ၃,၅ဝဝ ကျပ်၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုးအစား/ အရည်အသွေးပေါ် မူတည်၍ တစ်ပြည်လျှင် ၅,ဝဝဝ ကျပ်မှ ၆,ဝဝဝ ကျပ်အတွင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ဝါးတန်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်များတွင် ၂၄ ပြည် ဧည့်မထဆန် တစ်အိတ်လျှင် ၆ဝ,ဝဝဝ ကျပ်၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်းစားဆန်များကို ဆန်အမျိုးအစား/ အရည်အသွေးပေါ် မူတည်၍ ၂၄ ပြည် တစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်မှ ၈၅,ဝဝဝ ကျပ်အတွင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ် မူတည်၍ ၂၄ ပြည် ဆန်တစ်အိတ်လျှင် ၁၂၀,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်အတွင်း ရောင်းချပေးမည်ဖြစ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ စက်ရုံများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနများအတွက် ၁၅ % ဧည့်မထ (၁၀) ကီလို ငါးပြည်တစ်အိတ်လျှင် ၁၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁ဝ ကီလို ငါးပြည်တစ်အိတ်လျှင် ၂၈,၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
စက်မှုဇုန်များ၊ စက်ရုံများနှင့် လူမှုရေး၊ ဘာသာရေး၊ ပညာရေးအသင်းအဖွဲ့/ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ဆန်လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀)၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (ဝ၉-၄၅၇၈၀၀၃၁၁)၊ ဝါးတန်းကုန်စည်ဒိုင် (ဝ၉-၅၁၂၃၄၁၄၊ ၀၉-၅၁၅၂၆၀၁)၊ ဘုရင့်နောင်ကုန်စည်ဒိုင် (ဝ၉-၇၆၉၀၂၉၄၂၈) များသို့ ဆက်သွယ်ညှိနှိုင်း ဝယ်ယူရရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
