◾ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌလည်း လာရောက်ဂါဝရပြုတွေ့ဆုံပြီး လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးပါ ဆွေးနွေး



၁၁. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌအနေဖြင့် သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်သည့်အခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင် သိရသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ တို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။



ထို့အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGYENKO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဘယ်လာရုစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်လျက်ရှိမှု အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်မှု အခြေအနေများအား ဆွေးနွေးကြသည်။
ထို့ပြင် စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။
